၁၇ ဦးပါ စစ်အုပ်စုလှည့်ကင်းတိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး
- BVJ
- 10 minutes ago
- 1 min read
BVJ/ ဇော်_စက်တင်ဘာ ၉၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာလှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူတွေကိုတိုက်ခိုက်ခဲ့တာမှာ စစ်အုပ်စုဘက်က (၈) ဦးသေဆုံးပြီး လက်နက်အချို့ သိမ်းဆည်းရရှိခဲ့တယ် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။
စက်တင်ဘာ ၈ ရက် မနက် ၆ နာရီခွဲခန့်မှာ ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာကနေ ကာဘိုးကျေးရွာကို လှည့်ကင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပျူစောထီးအင်အား (၁၇) ဦးခန့်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဝက်တိုးရွာနဲ့ ကာဘိုးရွာကြားအရောက် မနက် ၇ နာရီ ၄၅ မိနစ်ခန့်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က (၈) ဦးသေဆုံးခဲ့တဲ့အပြင် လက်နက်အချို့သိမ်းဆည်းရရှိခဲ့ပြီး မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိပြန်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ကန့်ဘလူမြို့နယ်၊ ဝက်တိုးရွာဘက်ကနေ တာဘိုးရွာဘက်အသွား ရွာနှစ်ရွာအကြားဖြစ်ပွားခဲ့တာပါ။ ထိတွေ့တိုက်ပွဲဆယ်မိနစ်ခန့် ကြာမြင့်ခဲ့ပါတယ်။ ကနဦး (၇) ဦးသေခဲ့ပြီး နောက်ထပ် (၁) ဦး အသေထပ်မံတွေ့ရှိတာပါ။ တိုက်ပွဲဖြစ်ပွားနေချိန် စစ်အုပ်စုဘက်က စစ်ကူရောက်လာတာ မရှိပါဘူး။ အခုတိုက်ပွဲဖော်ဆောင်တဲ့နေရာက ကန့်ဘလူမြို့နယ်အတွင်းမှာ ဖြစ်ခဲ့တာပါ။ ကျနော်တို့ ရေဦးပကဖ က ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်” လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက Burma VJ ကို ပြောပါတယ်။
တိုက်ခိုက်မှုကနေ ကာဘိုင် (၂) လက်၊ MA-1 (၁) လက်၊ G-3 (၁) လက်နဲ့ ပြောင်းချော (၁) လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
လတ်တလောမှာလည်း ကန့်ဘလူမြို့နယ် ရေကြည်ဦးရွာဘက်တွေမှာတိုက်ပွဲဖြစ်ပွားမှုတွေရှိနေပြီး အခုတိုက်ခိုက်မှုကိုတော့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ ကန့်ဘလူလှုပ်ရှားအဖွဲ့ (ပကဖ)၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
Comments