လယ်တောထဲစစ်ဘေးရှောင်နေတဲ့ အမျိုးသားနဲ့အမျိုးသမီးကို စစ်အုပ်စုပစ်သတ်သွား
- BVJ

- Sep 1
- 1 min read
BVJ/ဇော် - စက်တင်ဘာ ၁၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းအထိုင်စခန်းကနေ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ပုဏ္ဏားကြီးရွာက စစ်ဘေးရှောင်ပြည်သူ (၂) ဦးကိုပစ်သတ်ခဲ့ပြီး စစ်ရှောင်တဲလေးလုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သိရပါတယ်။
မနေ့ ဩဂုတ်လ ၃၁ ရက်နေ့ မနက် ရှစ်နာရီခွဲမှာ စစ်ကောင်စီတပ်နဲ့ပျူအင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းက ချပ်သင်းအထိုင်စခန်းကနေ ပုဏ္ဏားကြီးရွာဘက်ကို စစ်ကြောင်းထိုးထွက်လာပြီး ဦးကင်းကြည်ရွာနဲ့ နှောကုန်းရွာဘက်ကို ဒရုန်းနဲ့ ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီနောက် ပုဏ္ဏားကြီးရွာမှာ စစ်ဘေးရှောင်နေတဲ့ လင်မယားနှစ်ဦးဖြစ်တဲ့ ကိုဇော်မျိုးလှိုင်(၄၅ နှစ်)နဲ့ မမာမာသင်း(၄၄ နှစ်) တို့လင်မယားနှစ်ယောက်ကိုပစ်ခတ်သတ်ဖြတ်ပြီး စစ်ရှောင်တဲ လေးလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်းသိရပါတယ်။
“အဲ့နားရွာတွေက အမြဲရှောင်ရွာတွေပါဗျ။ သုံးနှစ်ကျော်နေပါပြီ။ ရွာထဲမနေကြဘဲ ရွာနားက ကိုယ့်လယ်ယာတောတွေမှာ တဲထိုးပြီးတောင်သူလုပ်နေကြတာပါ။ စစ်ကြောင်းထွက်လာတဲ့ လမ်းကြောင်းက သူတို့တဲတိုက်ဆီကမို့ ပစ်သတ်ခံရတဲ့သဘောပါ။ ပစ်သတ်ပြီး ဓားတွေနဲ့ မွှန်းထားတာပါ။ ဒရုန်းချတိုက်ခိုက်ခဲ့တဲ့ကျေးရွာတွေနဲ့ ပုဏ္ဏားကြီးရွာကမဝေးဘူးဗျ။ နာရီဝက်ကိုမသွားရဘူး” လို့ ကျွန်းလှ-ကန့်ဘလူ တတ်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက Burma VJ ကိုပြောပါတယ်။
ရွာတွေကမီးရှို့ဖျက်ဆီး သတ်ဖြတ်ခဲ့ပြီးနောက် ပုဏ္ဏားကြီးရွာကနေ အရှေ့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ ပကဖအဖွဲ့နဲ့ KB2 ရဲဘော်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲ တစ်နာရီခွဲခန့်ကြာပြီးနောက်မှာ စစ်ကောင်စီတပ်က (၅) ဦး ဒဏ်ရာရရှိခဲ့ပြီး ချပ်သင်းအထိုင်စခန်းကို ပြန်ဆုတ်ခွာခဲ့တယ်လို့လည်း ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားများအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ကန့်ဘလူမြို့နယ် ကျီကျင်းရွာကိုလည်း စစ်ကောင်စီတပ်နဲ့ ပျူအင်အား ၂၀၀ ခန့်ပါတဲ့စစ်ကြောင်းက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ လေးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး ဒေသခံအမျိုးသား (၈) ဦးထက်မနည်းကိုလည်း သတ်ဖြတ်ခဲ့ပါသေးတယ်။







Comments