ကန့်ဘလူမှာ ဒေသခံ ၁၁ယောက် အသတ်ခံရ
- BVJ

- Aug 25
- 1 min read
မိုနာ/BVJ_ သြဂုတ် ၂၅၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်အုပ်စုကစစ်ကြောင်းထိုးပြီး ဒေသခံ ၁၀ယောက်ကျော်ကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပျူစောထီးနဲ့စစ်ကောင်စီတပ်ပေါင်းထားတဲ့ အင်အားရာချီအဖွဲ့ဟာ အခုလဒုတိယပါတ်ကနေစ ကန့်ဘလူမြို့နယ်အတွင်းရှိ ရွာမရွာသစ်၊ ထိန်တော၊ အင်္ဂါဒေါင့်၊ သရက်တာ၊ ကိုင်းရိုးနဲ့ ကျေးပင်အက်ရွာတို့ကို စစ်ကြောင်းထိုးပြီး ဒေသခံတွေနဲ့နေအိမ်တွေကိုမီးရှို့သတ်ဖြတ်သွားတာ ဖြစ်တယ်လို့ ကန့်ဘလူဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
“အဲ့ဒီရွာတွေကအိမ်တွေကိုလည်း အကုန်မီးရှို့တာ။ ပြီးတော့မီးရှို့သတ်ခံလိုက်ရတာက ၄,၅ယောက်ရှိတယ်။ မီးရှို့ထားတော့ ဘယ်သူဘယ်ဝါမှန်းလည်းမကွဲဘူးဖြစ်နေတယ်။ အခုပျောက်တဲ့သူလည်းရှိနေသေးတယ်။ အခုလည်းစစ်ကရှောင်နေရသေးတော့ အတိအကျပြောဖို့က ခက်ပါသေးတယ်”လို့ ပြောပါတယ်။
ပျူစောထီးနဲ့စစ်အုပ်စု အင်အားနှစ်ရာကျော်ဟာ သြဂုတ်လ ၁၆ရက်ကနေ ၂၀ရက်နေ့အထိ ရွာပေါင်း ၆ရွာကို စစ်ကြောင်းထိုးကာ ပြည်သူပိုင်နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ၉ယောက်ကို သတ်ဖြတ်ခဲ့ကြောင်းကို ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားများအဖွဲ့က မနေ့ကသြဂုတ် ၂၄ရက်မှာ အသိပေးထုတ်ပြန်ထားပါသေးတယ်။

ရွာမရွာသစ်ရွာက နေအိမ် ၄ လုံး၊ ထိန်တော(တ/မ)ရွာက နေအိမ် ၇၅ လုံး၊ သရက်တာရွာမှ နေအိမ် ၇၈ လုံး၊ အင်္ဂါဒေါင့်ရွာက နေအိမ် ၃၁ လုံး၊ ကိုင်းရိုးရွာက နေအိမ် ၁၂ လုံးနဲ့ ကျေးပင်အက်ရွာက နေအိမ် အလုံး ၂၃၀အပြင် စာသင်ဆောင် ၄ ဆောင်ကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် စုစုပေါင်းပြည်သူပိုင်နေအိမ် အလုံး (၄၃၀)နဲ့ စာသင်ဆောင်လေးဆောင် မီးလာင်ပျက်စီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
သတ်ဖြတ်ခံရသူတွေဟာလည်း ထိန်တောဘက်မှာမီးရှို့သတ်ဖြတ်ထားသူ ၅ယောက်နဲ့ ကျေးပင်အက်မှာ အလောင်း ၄ လောင်းတွေ့ရှိရပြီး ဓါးနဲ့ခုတ်ပြီးမှအလောင်းတွေကိုမီးရှို့သွားတာဖြစ်ကြောင်းနဲ့ အခု သြဂုတ်လ ၂၃ရက်မှာလည်း ဘူးကုန်းရွာဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်ပွားခဲ့ရာ စစ်အုပ်စုရဲ့ပစ်ခတ်မှုအတွင်း ဆီဘောက်စာကားဆရာနှစ်ယောက် ထိမှန်သေဆုံးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြထားပါတယ်။
သြဂုတ် ၂၄ရက်နေ့မှာလည်း ကျီကျင်းရွာဘက်ကို စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်ပြီး ကျီကျင်းရွာကို တနေကုန်နီးပါးမီးရှို့ဖျက်ဆီးပြီး ပတ်ပတ်လည်နေရာတွေကို Drone ဗုံးသီးချတိုက်ခိုက်နေတာကြောင့် အနီးနားကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။
ပုံစာ- ကျေးပင်အက်ရွာကို စစ်ကောင်စီမီးရှို့ဖျက်ဆီးပြီးနောက် မြင်တွေ့ရပုံ(ဓါတ်ပုံ-ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့)







Comments