ကလေးတိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါ စစ်သုံ့ပန်း ၇ ဦးဖမ်းမိ
- BVJ

- Sep 11
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၁၁၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက နန်းစောင်းပုရွာသစ်အနီးကို ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီ စစ်ကြောင်းကို PDFပူးပေါင်းတပ်ဖွဲ့တွေကြား အခုလ ၂ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း (၇)ဦး၊ စစ်ကောင်စီအလောင် (၄)လောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းမိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသက ဒီနေ့မှာထုတ်ပြန်ပါတယ်။
စစ်ကောင်စီစစ်ကြောင်းမှာ အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်း (ULFA)နဲ့ နာဂ (NSCN) သူပုန်တပ်ဖွဲ့ တွေလည်းပါဝင်ပြီး ဒကစ(ကလေး)လက်အောက်ခံ တတက -၁၀က ဗိုလ်မှုး ရဲမျိုးမင်းနဲ့ ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်ဝင်းစိုးတို့ ဦးဆောင်တဲ့ ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အင်အား ၁၃၀လောက်နဲ့ ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း MA-1 (၃) လက်၊ MA-3 (၁) လက်၊ MA-11 (၁) လက်၊ 7.62 ကျည် (၂၇၇) တောင့်၊ 5.56 ကျည် (၈၉) တောင့်၊ RPG ဗုံးသီး (၁) လုံး၊ RPG ပို့ယမ်း (၃) ခု၊ နင်းမိုင်း (၁၂) ခု၊ မိုင်းရှင်းစက် (၁) ခု၊ ကျည်အိမ်မျိုးစုံ (၁၉) ခုနဲ့ မူးယစ်ဆေးအမျိုးအစားသုံးမျိုး သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ထားပါတယ်။

အဲဒီစစ်ကြောင်းကို ကလေးခရိုင် ကလေးခရိုင် အမှတ် (၁၊ ၃၊ ၄) တပ်ရင်း၊ အထူးလှုပ်ရှား (၅၊ ၆) တပ်ရင်း၊ ကလေးမြို့နယ် ပကဖ၊ ကလေးဝမြို့နယ် ပကဖ၊ မင်းကင်းမြို့နယ် ပကဖ၊ ကလေးခရိုင် အထူးစစ်ကြောင်း၊ ကလေးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့ Zoland PDF ပူးပေါင်းအဖွဲ့ တွေက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီကလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ဗုံးချတိုက်ခိုက်တာတွေ နေ့စဉ်ပြုလုပ်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီဟာ ကလေးခရိုင်အတွင်းတိုက်ပွဲတွေမှာ အိန္ဒိယနိုင်ငံသားတွေဖြစ်တဲ့ ကသည်း (ULFA)နဲ့ နာဂ (NSCN)သူပုန်တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ဩဂုတ်လကစတင်အသုံးပြုခဲ့တာဖြစ်ပြီး အဲဒီသူပုန်တွေဟာ ဩဂုတ်လအတွင်းက ခန္တီးခရိုင်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့သင်္ဘောတွေနဲ့လိုက်ပါလာသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်ကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတာဖြစ်ပြီး ဩဂုတ်လ ၁၅ရက်တိုက်ပွဲမှာလည်း ရန်သူ့သုံ့ပန်း (၁) ဦး၊ အလောင်း (၃) လောင်းနဲ့ လက်နက်မျိုးစုံ (၁၀) လက် သိမ်းမိခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသက ပြောထားပါတယ်။
ပုံစာ-အမှတ်-၁စစ်ဒေသက ထုတ်ပြန်ထားသောပုံများ။







Comments