top of page

တိုက်ပွဲပြင်းထန်နေတဲ့ဖားကန့်မှာ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော် စားနပ်ရိက္ခာအခက်အခဲဖြစ်နေ

  • Writer: BVJ
    BVJ
  • Jul 18
  • 1 min read

BVJ/ဂျိုး_ ဇူလှိုင် ၁၈၊ ၂၀၂၅

ree

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်-KIAပူးပေါင်းတပ်ဖွဲ့တွေကြား လနဲ့ချီတိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃၀၀၀ကျော်အထိရှိလာနေပြီး စားဝတ်နေရေးအခက်ကြုံနေကြရပါတယ်။


လက်ရှိတိုက်ပွဲတွေ ပြင်းထန်နေတဲ့ ဖားကန့်မြို့နယ်အတွင်းက တောင်ပြို၊ ဗလခ၊ မော်မောင်း လယာန်၊ ဆွတ်ငန်ယာန်၊ ဆွတ်ဘွမ် (ခေါ် ) အမှိုက်ပုံ၊ မော်ဝန်းကြီး၊မော်ဝန်းလေး၊ရတာမြေစာပုံ၊ အင်းမားယာန်စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာတော်တော်များများက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဖားကန့်မြို့ပေါ်ကို တိမ်းရှောင်လာကြတာပါ။


စစ်ဘေးရှောင်တွေဟာ လတ်တလောမှာ ဖားကန့်မြို့ပေါ်က နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာနေထိုင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဖားကန့်မြို့ ကျောက်ဂူကျောင်းစစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိသူတဦးကပြောပါတယ်။


“တနေ့ကို ချက်ပြုတ်ကျွေးမွေးရတာ ၁၅သိန်းလောက်ကတော့ ကုန်တယ်။ မီးစက်ဖိုး ဆီဖိုးနဲ့ဆိုရင် ၁၇သိန်း ၁၈သိန်းလောက်ကုန်တယ် တနေ့စာအတွက်လေ။ အခုက အလှူရှင်တွေကလည်း ပါးသွားပြီ တနေ့ကို ဆန်က ၅အိတ်လောက် ကုန်တယ်လေ။ လူကလည်း ၇၀၀လောက် ကျွေးရတာဆိုတော့ ရေရှည်ကျတော့ ကျနော်တို့ ဆက်ကျွေးထားဖို့ ခက်ခဲတယ်”လို့ပြောပါတယ်။

ree

ဖားကန့်မြို့ပေါ်က ကျောက်လှိုင်ဂူဘုန်းကြီးကျောင်းမှာ စစ်ဘေးဒုက္ခသည် ၇၀၀နီးပါးရှိနေပြီး တခြားမြို့ဦးစေတီကျောင်း သီတဂူ ဓမ္မရိပ်သာကျောင်းအပါအဝင် ခရစ်ယာန်ကျောင်းတွေနဲ့ ဗလီတွေမှာလည်း စစ်ဘေးဒုက္ခသည်အများအပြားနေထိုင်နေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။


စစ်ဘေးဒုက္ခသည်စခန်းတွေကို အစောပိုင်းကာလက ကူညီထောက်ပံ့သူတွေ အများအပြားရှိပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှကူညီသူတွေလည်း နည်းပါးလာနေသလို ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာမလုံလောက်တာတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ကျောက်ဂူကျောင်းစစ်ဘေးဒုက္ခသည်စခန်းတာဝန်ရှိသူက ပြောပါတယ်။


“သူတို့ထွက်လာတုန်းကလည်း ခဏပဲရှောင်ရမယ်ထင်ပြီးထွက်လာတာ အဝတ်တထည်ကိုယ်တခုနဲ့ ထွက်လာကြတာ ကျန်ခဲ့တဲ့ ပစ္စည်းတွေလည်း ပြန်ယူလို့မရဘူးလေ။ စစ်ဘေးရှောင်တွေ ဒီကိုရောက်တာ တလနဲ့ ၅ရက်ရှိသွားပြီလေ။ အဓိကတော့ ဆန်ဆီလိုအပ်နေတာပေါ့နော်”လို့ ပြောပါတယ်။


လက်ရှိမှာတော့ ဖားကန့်မြို့ပြင် နှစ်မိုင်လောက်အကွာမှာရှိတဲ့ မှော်ဝန်းကြီး မှော်ဝန်းလေး ရတနာ မြေစာပုံ၊ လုံးခင်းနဲ့ နေရာတော်တော်များများမှာ နှစ်ဘက်တိုက်ပွဲတွေ နေ့တိုင်းပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောကြပါတယ်။


ဒါ့အပြင် စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းဗုံးကြဲတာတွေ လက်နက်ကြီးတွေနဲ့လည်း နေရာတော်တော်များများကို လှမ်းပစ်သံတွေ ကြားနေရတယ်လို့လည်း ဒေခံတွေကပြောကြပါတယ်။


ပုံစာ-ကျောက်ဂူကျောင်းတိုက်အတွင်း ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်များ


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page