ဦးကိုကိုကြီးပါတီကလွှတ်တော်အမတ်နှစ်ဦးပယ်ဖျက်ခံရပြီး ကြံ့ခိုင်ရေးပါတီကနှစ်ဦးကိုတင်မြှောက်
- BVJ

- 2 hours ago
- 1 min read
မိုနာ/BVJ_စက်တင်ဘာ ၈၊ ၂၀၂၆

ဦးကိုကိုကြီးရဲ့ပြည်သူ့ပါတီက တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဖြစ်တဲ့ ဦးခိုင်ဦးနဲ့ဦးတင်စိုးတို့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေဖယ်ရှားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးကို တင်မြှောက်လိုက်တယ်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်-UECက ဒီနေ့မှာကြေညာပါတယ်။
တနင်္သာရီတိုင်းလွှတ်တော်အတွက် မြိတ်မဲဆန္ဒနယ်ကနေဝင်ပြိုင်ပြီး မဲအများဆုံးသူအနိုင်ရစနစ်(FPTP)နဲ့အနိုင်ရခဲ့တဲ့ ပြည်သူ့ပါတီအမတ်ဦးခိုင်ဦးကို အဲ့ဒီမဲဆန္ဒနယ်မှာပဲရွေးကောက်ပွဲဝင်ပြိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီအမတ်လောင်း ဦးဝင်းကြူက ရွေးကောက်ပွဲကန့်ကွက်လွှာတင်သွင်းတိုင်ကြားထားတာကို ၆လနီးပါးကြာစစ်ဆေးပြီး မနေ့က စက်တင်ဘာ ၇ရက်မှာ UECကအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
UECဆုံးဖြတ်ချက်အရ ဦးခိုင်ဦးဟာလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ခံလိုက်ရပြီး ကြံ့ခိုင်ရေးပါတီကဦးဝင်းကြူက တိုင်းလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတာပါ။
ဦးခိုင်ဦးဟာလွှတ်တော်ကိုယ်စားလှယ်အဖြစ် ပယ်ဖျက်ခံရတာကြောင့် သူ့မဲတွေကိုနုတ်လိုက်တဲ့အတွက် တနင်္သာရီတိုင်းလွှတ်တော်အတွက် အချိုးကျကိုယ်စားပြုစနစ်(PR)နဲ့ဝင်ပြိုင်ခဲ့တဲ့ ပြည်သူ့ပါတီက လောင်းလုံးမြို့နယ်အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးကလည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်ပယ်ဖျက်ခံလိုက်ရပါတယ်။

ဦးတင်စိုးနေရာမှာ ကြံ့ခိုင်ရေးပါတီက ဒေါ်မြမြစိမ်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာကြောင်း UECကကြေညာပါတယ်။
အာဏာသိမ်းစစ်အုပ်စုကကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ဦးကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီ (PP)က ရွေးကောက်ပွဲအပိုင်း(၁)နဲ့(၂)အပြီး အမျိုးသားလွှတ်တော် ၁ နေရာနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော် ၆ နေရာတို့အနိုင်ရထားတာကြောင့် စုစုပေါင်း ၇ နေရာဖြစ်ပြီး အခု လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက် ပယ်ဖျက်ခံလိုက်ရတာပါ။
ဦးကိုကိုကြီးဟာ လက်ရှိမှာအာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီမှာအဖွဲ့ဝင်အဖြစ် ပါဝင်နေသူလည်းဖြစ်ပါတယ်။




Comments