အီရန်စစ်ပွဲကိုလက်မခံနိုင်တဲ့ အမေရိကန်ထိပ်တန်းအကြမ်းဖက်မှုတိုက်ဖျက်ရေးအရာရှိ ဂျိုးကန့် ရာထူးကနုတ်ထွက်
- BVJ

- 22 hours ago
- 1 min read
အေတီ/BVJ- မတ် ၁၈၊ ၂၀၂၆

အီရန်စစ်ပွဲကိုလက်မခံကန့်ကွက်တဲ့ ထရမ့်အစိုးရရဲ့ထိပ်တန်းအကြမ်းဖက်မှုတိုက်ဖျက်ရေးအရာရှိ ရာထူးကနေနုတ်ထွက်သွားပြီး အီရန်ကိုတိုက်ခိုက်နေတဲ့ လမ်းကြောင်းကို"အမြန်ဆုံး နောက်ကြောင်းပြန်လှည့်ဖို့”ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကိုတိုက်တွန်းလိုက်ပါတယ်။
အမျိုးသားအကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန (NCTC) ညွှန်ကြားရေးမှူး ဂျိုးကန့် (Joe Kent) က သူ့ရဲ့ Xအကောင့်ကနေ အင်္ဂါနေ့မှာနုတ်ထွက်စာတင်ခဲ့တာဖြစ်ပါတယ်။အီရန်နိုင်ငံဟာ အမေရိကန်အတွက်"ချက်ချင်းလက်ငင်း အန္တရာယ်ပြုခြိမ်းခြောက်မှုမရှိ"ကြောင်းနဲ့ထရမ့်အစိုးရဟာ " အမေရိကန်မှာရှိတဲ့အစ္စရေးလိုလားတဲ့ သြဇာကြီးတဲ့အဖွဲ့အစည်းတွေရဲ့ လော်ဘီလုပ်ပြီး ဖိအားပေးမှုကြောင့် အီရန်စစ်ပွဲကိုစတင်ခဲ့တာဖြစ်ကြောင်း" စွပ်စွဲပြောကြားခဲ့ပါတယ်။
အသက် ၄၅နှစ်အရွယ်ရှိဂျိုးကန့်ဟာ အမေရိကန်အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သလို စီအိုင်အေ (CIA) အရာရှိဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။သူရဲ့ ဇနီးဖြစ်သူရေတပ်လျှို့ဝှက်ကုဒ်ကျွမ်းကျင်သူ ရှန်နွန်ကန့် (Shannon Kent)ဟာ ၂၀၁၉ခုနှစ်က ဆီးရီးယားနိုင်ငံမှာအသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးခဲ့ရပါတယ်။
ဂျိုးကန့်ဟာ အစ္စရေး-အမေရိကန်တို့ရဲ့ အီရန်စစ်ဆင်ရေးကို လူသိရှင်ကြား ဝေဖန်ကာနုတ်ထွက်သွားတဲ့ ထရမ့်အစိုးရအတွင်းက အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်လာပါတယ်။အရင်ကထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒကိုထောက်ခံခဲ့သူတစ်ဦးဖြစ်တဲ့ ဂျိုးကန့်က "အမေရိကန် မျိုးချစ်ရဲဘော်တွေရဲ့အသက်ကို စတေးရစေတဲ့အပြင် နိုင်ငံရဲ့ ချမ်းသာကြွယ်ဝမှုတွေကိုကုန်ဆုံးစေတဲ့ အရှေ့အလယ်ပိုင်းစစ်ပွဲတွေကို သမ္မတကနားလည်သဘောပေါက်လိမ့်မယ်လို့ မနှစ်ကအထိ ယုံကြည်ခဲ့ကြောင်း"သူ့ရဲ့ နုတ်ထွက်စာမှာ ဖော်ပြထားပါတယ်။
ဂျိုးကန့်ဟာ အီရတ်နိုင်ငံရှိ အမေရိကန်ကြည်းတပ်အထူးတပ်ဖွဲ့ဝင်အဖြစ် အပါအဝင် နိုင်ငံရပ်ခြားမှာ ၁၁ကြိမ်တိုင်တိုင်တာဝန်ကျခဲ့ဖူးပါတယ်။ သူရဲ့ နှတ်ထွက်စာထဲမှာ သူအမေရိကန်စစ်တပ်ထဲမှာ စစ်မှုထမ်းခဲ့တဲ့အတွေ့အကြုံနဲ့ ဇနီးဖြစ်သူသေဆုံးမှုကိုရည်ညွှန်းကာ "အမေရိကန်ပြည်သူတွေအတွက် ဘာအကျိုးကျေးဇူးမှမရှိတဲ့ အသက်ပေါင်းများစွာစတေးဖို့လည်းမထိုက်တန်တဲ့ ဒီစစ်ပွဲထဲကို နောက်မျိုးဆက်သစ်လူငယ်တွေကိုလွှတ်ပြီး အသေခံခိုင်းတာမျိုးကို ကျွန်တော်အားမပေးနိုင်ပါဘူး"လို့ရေးသားထားပါတယ်။
ခရက်ဒစ်- ဘီဘီစီ




Comments