top of page

တော်လှန်ရေးထိပ်ပိုင်းခေါင်းဆောင်တွေတက်ရောက်ခဲ့တဲ့ BPLA အပတ်စဉ် ၉ စစ်သင်တန်းဆင်းပွဲ

  • Writer: BVJ
    BVJ
  • Jun 22, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇွန် ၂၁ ၊ ၂၀၂၅


ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၉ သင်တန်းဆင်းပွဲကို ရှမ်းပြည်နယ်မြောက်ပိုင်း တအောင်းတပ်မတော် (TNLA) ထိန်းချုပ်ဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ BPLA က ဒီနေ့ ဇွန် ၂၁ ရက်မှာ ထုတ်ပြန်လာပါတယ်။


သင်တန်းဆင်းပွဲကို အခု ဇွန်လ ၇ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၉ သင်တန်းဆင်းပွဲမှာ မဟာမိတ်တော်လှန်ရေးအင်အားစုနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက ထိပ်ပိုင်းခေါင်းဆောင်တွေက တက်ရောက်ခဲ့ကြပါတယ်။


သင်တန်းဆင်းပွဲအခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ တအာင်းတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဒုတိယဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော် (AA) က တပ်မှူးတစ်ဦး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က စစ်ဦးစီးချုပ်နဲ့ အထွေထွေအတွင်းရေးမှူး၊ ကျောင်းသားတပ်မတော် (ABSDF) က ဒုဥက္ကဌနဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကွပ်ကဲရေးမှူးတို့ တက်ရောက်ခဲ့ကြပါတယ်။


“နွေဦးတော်လှန်ရေးတပ်တွေ စုစည်းနိုင်ဖို့ ကြိုးစားနေတာရှိပါတယ်။ ဒီသင်တန်းဆင်းပွဲကတော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ညီညွတ်မှုကို ပြသဖို့၊ ဘာအခက်အခဲပဲကြုံကြုံ အတူတကွကြိုးစားအားထုတ်သွားမယ်ဆိုတာ အသိပေးဖို့၊ လူထုခွန်အားဖြစ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်” လို့ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကို ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့တာနဲ့ပတ်သက်ပြီး BPLA ပြန်ကြားရေးတာဝန်ခံ ကိုလင်းလင်းက Burma VJ ကို ပြောပါတယ်။


စစ်အာဏာရှင်စနစ် အမြန်ဆုံးအဆုံးသတ်နိုင်ဖို့နဲ့ တော်လှန်ရေးအောင်မြင်ဖို့အတွက် မတူညီတဲ့ အင်အားစုတွေကြား ညီညွတ်ရေးရှိဖို့လိုအပ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့အားလုံး ဟန်ချက်ညီပါက စစ်ကောင်စီကို အမြန်ဆုံးအဆုံးသတ်နိုင်မှာဖြစ်တယ်လို့လည်း တက်ရောက်လာတဲ့ မဟာမိတ်တပ်ဖွဲ့ ခေါင်းဆောင်တွေကလည်း ပြောပါတယ်။


BPLA အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၉ သင်တန်းဆင်းရဲဘော်တွေကို လက်နက်တပ်ဆင်ပေးခဲ့ပြီး အမှတ် ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ်တစ်ခုကိုလည်း ဖွဲ့စည်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော် အောင်ပိုင်ရဲ့ ညီမဖြစ်သူ စစ်မေတစ်ဦးလည်း သေနတ်ပစ်လက်ဖြောင့်ဆုရရှိခဲ့သလို ကျန်စစ်သင်တန်း ထူးချွန်ရဲဘော်တွေကိုလည်း ဆုအသီးသီး ချီးမြှင့်နိုင်ခဲ့တယ်လို့ သိရပါတယ်။


BPLA တပ်တော်အနေနဲ့လည်း တပ်ဖွဲ့ဝင်အင်အားများပြားရေးထက် စည်းစနစ်ကျရေးကို အဓိကဦးစားပေးလုပ်ဆောင်နေပြီး စနစ်ကျပြီးခိုင်မာတဲ့ အရပ်သားအစိုးရဩဇာကိုခံယူမယ့် စစ်တပ်တစ်ခုကို တည်ဆောက်နေတယ်လို့လည်း BPLA တပ်တည်ထောင်ခြင်း ၄ နှစ်ပြည့်အခမ်းအနားမှာ ထုတ်ဖော်ပြောကြားထားပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page