ရဲတပ်ဖွဲ့ပစ်ခတ်မှုကြောင့် ဂျူးဘုရားရှစ်ခိုးကျောင်းတိုက်ခိုက်ခံရတဲ့သူတွေထဲက တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
- BVJ

- Oct 7
- 1 min read
အကြမ်းဖက်သမားဟာ မုဒိန်းမှုသံသယနဲ့အဖမ်းခံရဖူးတယ်လို့ ရဲတပ်ဖွဲ့ကပြော
အေတီ/BVJ _ အောက်တိုဘာ ၃၊ ၂၀၂၅

မနေ့က မန်ချက်စတာမြို့က ဂျူးဘုရားရှစ်ခိုးကျောင်းတိုက်ခိုက်ခံရမှုအတွင်း ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် တိုက်ခိုက်မှုကျူးလွန်ခဲ့တဲ့အကြမ်းဖက်သမားသေဆုံးခဲ့သလို တိုက်ခိုက်ခံရတဲ့သူတွေထဲကတစ်ဦးသေဆုံးပြီး၊တစ်ဦးဒဏ်ရာရရှိထားကြောင်း ဂရိတ်တာ မန်ချက်စတာရဲတပ်ဖွဲ့က ဒီနေ့အတည်ပြုပါတယ်။
အသက်၃၅နှစ် ဆီးရီးယားနွယ်ဖွား ဂျီဟာ့ဒ်အယ်လ်ရှာမီဆိုသူက ယူကေနိုင်ငံမန်ချက်စတာမြို့က ဂျူးဘုရားရှစ်ခိုးကျောင်းဝင်းထဲက လူအုပ်ထဲကားနဲ့ဝင်တိုက်ပြီး၊ဓားနဲ့တိုက်ခိုက်ခဲ့တာကြောင့် ဂျူးလူမျိုးနှစ်ဦးသေဆုံးခဲ့ပါတယ်။ဂျီဟာ့ဒ် အယ်လ်ရှာမီဟာ မုဒိမ်းမှုသံသယနဲ့ဖမ်းဆီးခံခဲ့ရဖူးပြီး ရဲကအာမခံနဲ့ပြန်လွှတ်ပေးထားတဲ့သူဖြစ်တယ်လို့ သိရပါတယ်။
အယ်လ်ရှာမီဟ ဆီးရီးယားနွယ်ဖွားဗြိတိန်နိုင်ငံသားဖြစ်ပြီး မန်ချက်စတာ၊ ပရက်စ့ခ်ျမှာနေထိုင်နေတဲ့သူဖြစ်ပါတယ်။ဂျူးဘုရှားရှစ်ခိုးကျောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့တဲ့ဂျူးနှစ်ဦးက အသက်၅၃နှစ် Adrian Daulbyနဲ့ အသက်၆၆နှစ် Melvin Cravitzတို့ ဖြစ်ပါတယ်။
သေဆုံးခဲ့တဲ့သူနှစ်ဦးထဲကတစ်ဦးဟာ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးခဲ့တာဖြစ်ကြောင်း၊ အကြမ်းဖက်သမားကို ရဲတပ်ဖွဲ့ကပစ်ခတ်တဲ့အချိန်မှာ သူ့ကိုထိမှန်သွားတာဖြစ်ကြောင်း၊ သေနတ်ဒဏ်ရာရထားတဲ့ နောက်တယောက်လဲ ဆေးရုံမှာကုသမှုခံယူနေရဆဲဖြစ်ကြောင်း၊ဒါပေမယ့် သူ့အခြေအနေကတော့ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း မန်ချက်စတာရဲတပ်ဖွဲ့ အကြီးအကဲ စတီဖင်ဝက်ဘ်ဆင်က ထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့ကအကြမ်းဖက်တိုက်ခိုက်မှုကိုတုန့်ပြန်တဲ့အချိန်မှာ သေနတ်ဒဏ်ရာရတဲ့သူနှစ်ဦးဟာ ဂျူးဘုရားရှစ်ခိုးကျောင်းရဲ့ တံခါးဝနားမှာရှိနေတယ်လို့ ယူဆရကြောင်း အထက်ပါမန်ချက်စတာရဲတပ်ဖွဲ့ အကြီးအကဲက ထပ်ဖြည့်ပြောပါတယ်။
ဂျူးဘုရားရှစ်ခိုးကျောင်းကို တိုက်ခိုက်တဲ့အကြမ်းဖက်သမားမှာ သေနတ်ပါမလာဘဲဓားပဲယူဆောင်လာတာကြောင့် လူနှစ်ဦးသေနတ်ဒဏ်ရာရတဲ့ကိစ္စဟာ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့်ဖြစ်တယ်ဆိုတာ သိသာထင်ရှားနေပါတယ်။
အကြမ်းဖက်သမားက ဂျူးဘုရှစ်ခိုးကျောင်းကို အောက်တိုဘာ၂ရက် ဒေသစံတော်ချိန် မနက်၉နာရီ၃၁မိနစ်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ရဲတပ်ဖွဲ့ကအခင်းဖြစ်တဲ့နေရာကို ၇မိနစ်အတွင်းမှာရောက်လာပြီးအကြမ်းဖက်သမားကို ၉နာရီ၃၈မိနစ်မှာ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဓားနဲ့ထိုးခံရတဲ့သူတစ်ဦး၊ကားနဲ့တိုက်ခံရတဲ့သူတစ်ဦး၊ သေနတ်ဒဏ်ရာရထားတဲ့သူတစ်ဦး စုစုပေါင်းသုံးဦး ဆေးရုံမှာကုသမှုခံနေရဆဲဖြစ်ပါတယ်။
ref:BBC







Comments