ဂျပန်နိုင်ငံရဲ့သမိုင်းဝင် ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဆာနေတာကာအီချီ
- BVJ

- Oct 22
- 1 min read
အေတီ/BVJ_အောက်တိုဘာ ၂၁၊ ၂၀၂၅

ဂျပန်နိုင်ငံရဲ့ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ် ဆာနေတာကာအီချီကို လွှတ်တော်နှစ်ရပ်လုံးက ဒီနေ့ မဲပေးရွေးချယ်လိုက်ပါတယ်။
အသက်၆၄နှစ် တာကာအီချီဟာ အောက်လွှတ်တော် မဲ ၄၆၅ မဲအနက် ၂၃၇ မဲ ရခဲ့ပြီး၊ အထက်လွှတ်တော် မဲ ၂၄၆ မဲထဲမှာ ၁၂၃ မဲရရှိပြီးဝန်ကြီးချုပ်ဖြစ်လာတာပါ။
ကွယ်လွန်သူ ယူကေဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကိုလေးစားအားကျပြီး ရှေးရိုးဆန်တဲ့ လက်ယာစွန်းနိုင်ငံရေးအယူအဆရှိတဲ့ တာကာအီချီအတွက် ပထဆုံးရင်ဆိုင်ဖြေရှင်းရမှာက ဂျပန်နိုင်ငံမှာ လူနေမှုစရိတ်တွေမြင့်နေတာတွေနဲ့ စီးပွားရေးစိန်ခေါ်မှုတွေဖြစ်ပါတယ်။
ငါးနှစ်အတွင်း စတ္တုမြောက်ဂျပန်ဝန်ကြီးချုပ်အဖြစ် သူတာဝန်ထမ်းဆောင်ရမယ့်အချိန်မှာ ကမ္ဘာ့စတုတ္ထအကြီးဆုံးစီးပွားရေးအဆင့်ရှိတဲ့ ဂျပန်နိုင်ငံဟာ မသေချာမရေရာမှုတွေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အောက်တိုဘာ ၄ရက်နေ့ LDP ပါတီဥက္ကဌရွေးချယ်ပွဲမှာ အမျိုးသားလေးဦးကိုအနိုင်ရကျော်ဖြတ်ပြီး ပါတီခေါင်းဆောင်ဖြစ်လာတဲ့ တာကာအိချီအတွက် ဝန်ကြီးချုပ်ဖြစ်လာဖို့ကျော်ဖြတ်လမ်းကြောင်းကလည်း အလွယ်တကူမဟုတ်ပါဘူး။ LDPပါတီရဲ့ ကာလရှည်ကြာညွန့်ပေါင်းလုပ်ဖော်ကိုင်ဖက် Komeito ပါတီက သူ့ကိုမထောက်ခံတဲ့အတွက် အခြားအတိုက်အခံပါတီ JIPပါတီနဲ့ ညွန့်ပေါင်းဖွဲ့ခဲ့ရပါတယ်။

နိုင်ငံအတွင်းမှာစိန်ခေါ်မှုတွေရှိသလို ပြည်ပက ရှုပ်ထွေးပွေလီတဲ့ သံတမန်ဆက်ဆံရေးတွေကလည်း သူ့ကိုစောင့်ကြိုနေပါတယ်။သူ့ရဲ့လက်ယာစွန်းနိုင်ငံရေးအယူအဆကြောင့် သမိုင်းကြောင်းအရ အဖုအထစ်တွေရှိခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ၊တရုတ်နိုင်ငံတိုနဲ့အကြား ဆက်ဆံရေးတွေမပြေလည်ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ဒါပေမယ့် အရေးကြီးဆုံးကအမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးဖြစ်ပြီး လာမယ့်အပတ်မှာအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဆာနေတာကာအီချီတို့ တိုကျိုမြို့မှာတွေ့ဆုံဖို့ရှိပါတယ်။
၁၉၆၁ခုနှစ်က ဂျပန်နိုင်ငံရှေးဟောင်းမြို့တော်နာယာမြို့မှာမွေးဖွားခဲ့တဲ့ ဆာနေတာအီချီဟာ ကိုဘေးတက္ကသိုလ်ကဘွဲ့ရခဲ့တဲ့သူဖြစ်ပါတယ်။ နိုင်ငံရေးလောကထဲမဝင်ခင်က စာရေးဆရာတီဗီသတင်းထုတ်လွှင့်သူအဖြစ်အလုပ်လုပ်ကိုင်ခဲ့ပြီး ၁၉၉၃ခုနှစ်မှာ တသီးပုဂ္ဂလိကအမတ်အဖြစ်ရွေးချယ်ခံရပြီးနောက် ၁၉၉၆ခုနှစ်မှာ LDPပါတီထဲ စဝင်ခဲ့ပါတယ်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ဝန်ကြီးချုပ်သက်တမ်းအတွင်း ရာထူးအမျိုးမျိုးထမ်းဆောင်ခဲ့ပြီး အထူးသဖြင့် ပြည်တွင်းရေးရာနဲ့ဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါအစိုးရလက်ထက်မှာတော့ ၂၀၂၂ခုနှစ်ကနေ ၂၀၂၄ခုနှစ်အထိ စီးပွားရေးလုံခြုံရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
လစ်ဘရယ် ဒီမိုကရစ်ပါတီခေါင်းဆောင်ရွေးချယ်ပွဲ ကို ၂၀၂၁ခုနှစ်က စတင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ၂၀၂၅ခုနှစ် မှာ အမျိုးသားလေးဦးကိုကျော်ဖြတ်ပြီးအနိုင်ရခဲ့ပါတယ်။







Comments