ဂျပန်ဝန်ကြီးချုပ်တာကာအိချီရဲ့ LDPပါတီ ရွေးကောက်ပွဲမှာအပြတ်အသတ်အနိုင်ရ
- BVJ

- Feb 9
- 1 min read
အေတီ/BVJ_ဖေဖော်ဝါရီ ၉၊ ၂၀၂၆

ဂျပန်ဝန်ကြီးချုပ် တာကာအီချီဦးဆောင်တဲ့ LDPပါတီဟာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ဂျပန်နိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။
တာကာအီချီရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရက အောက်လွှတ်တော်အမတ်နေရာ ၄၆၅ နေရာထဲက ၃၅၂ နေရာမှာ အနိုင်ရရှိထားပြီး LDP ပါတီတစ်ခုထဲကပဲ အမတ်နေရာ၃၁၆ နေအနိုင်ရရှိခဲ့ပါတယ်။ အတိုက်အခံပါတွေက စုစုပေါင်း ၁၁၃ နေရာအနိုင်ရရှိထားတယ်လို့ သိရပါတယ်။
ဒီရွေးကောက်ပွဲဟာ ဂျပန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် တာကာအီချီ LDPပါတီခေါင်းဆောင်ဖြစ်လာပြီး လေးလအကြာမှာကျင်းပခဲ့တာဖြစ်ပြီး၊ အန္တရာယ်များတဲ့လောင်းကစားတစ်ခုအဖြစ် အချို့ကသတ်မှတ်ခဲ့ကြပေမယ့် ရွေးကောက်ပွဲရလဒ်ကနေ ဂျပန်လူထုရဲ့ခိုင်မာတဲ့ထောက်ခံမှုရယူနိုင်ခဲ့ပါတယ်။
အဂတိလိုက်စားမှုအရှုပ်တော်ပုံတွေနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကြောင့် လွှတ်တော်တွင်းအမတ်နေရာ အများစုအနိုင်ရရှိမှုလက်လွှတ်ခဲ့ရတဲ့ သူ့ရှေ့က ဝန်ကြီးချုပ်နှစ်ဦးနဲ့နှိုင်းယှဉ်လိုက်ရင် တာကာအီချီရဲ့ အခုအနိုင်ရမှုကသိသာထင်ရှားတဲ့ ကွာခြားချက်တစ်ခုဖြစ်လာခဲ့ပါတယ်။
တာကာအီချီကို တစ်ကိုယ်ရေလူကြိုက်များမှုက LDPပါတီကိုပြန်လည်အထောက်အကူပြုပုံရပြီး သူ့အစိုးရအပေါ် လူထုထောက်ခံမှုနှုန်းကလည်း ၇၀ ရာခိုင်နှုန်းအထက်မှာ အမြဲလိုလိုရှိနေခဲ့ပါတယ်။
ရွေးကောက်ပွဲရလဒ်တွေတရားဝင်အတည်ပြုပြီးသွားရင် တာကာအီချီအနေနဲ့ သူ့ရဲ့ ကွန်ဆာဗေးတစ် (Conservative) မူဝါဒတွေ အကောင်အထည်ဖော်ဖို့ ကျယ်ပြန့်တဲ့ အခွင့်အာဏာပိုမိုရရှိလာမှာဖြစ်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆင့် (Scott Bessent)က "ဂျပန်နိုင်ငံအင်အားတောင့်တင်းခြင်းဟာ အာရှဒေသတွင်း အမေရိကန်ရဲ့အင်အားတောင့်တင်းခြင်းပဲ"လို့ပြောခဲ့ပြီး တာကာအီချီရဲ့ "ကြီးကျယ်တဲ့အောင်ပွဲ" အတွက် ချီးကျူးစကားပြောကြားခဲ့ပါတယ်။
အလားတူ အိန္ဒိယဝန်ကြီးချုပ်နာရင်ဒရာ မိုဒီကလည်း အခုရလဒ်ဟာ "မှတ်တိုင်သစ်"တစ်ခုဖြစ်ကြောင်းဂုဏ်ပြုခဲ့ပြီး အိန္ဒိယနဲ့ဂျပန်နိုင်ငံချစ်ကြည်ရေး "ဒီ့ထက်ပိုကောင်းလာအောင်"လုပ်နိုင်မယ်လို့ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
LDPပါတီဟာ ၂၀၂၄ခုနှစ်ကလွှတ်တော်နှစ်ရပ်လုံးမှာ အမတ်နေရာအများစု အနိုင်ရရှိမှုကိုလက်လွှတ်ခဲ့ရပြီး ဆယ်စုနှစ်များစွာလက်တွဲခဲ့တဲ့ ကိုမေတို (Komeito)ပါတီနဲ့ကြား မဟာမိတ်ဖွဲ့ထားတာလည်းပြိုကွဲသွားခဲ့ပါတယ်။အရင်မဟာမိတ်ဟောင်း ကိုမေတို (Komeito)ပါတီနဲ့လမ်းခွဲခဲ့ပြီးနောက် ဂျပန်ပြုပြင်ပြောင်းလဲရေးပါတီ (Japan Innovation Party)နဲ့လက်တွဲကာ အစိုးရဖွဲ့မှာဖြစ်ပါတယ်။




Comments