ဒေါ်လာ ၇ ဘီလီယံတန်စစ်သင်္ဘောစာချုပ် သြစတြေးလျနဲ့ဂျပန်တို့ လက်မှတ်ရေးထိုး
- BVJ

- Apr 20
- 1 min read
အီးကေ/BVJ- ဧပြီ ၁၉၊ ၂၀၂၆

အာရှ-ပစိဖိတ်ဒေသအတွင်း အမေရိကန်နိုင်ငံနဲ့ရင်နှီးတဲ့ဆက်ဆံရေးရှိတဲ့ သြစတြေးလျနဲ့ဂျပန်နိုင်ငံတို့အကြား သြစတြေးလျရေတပ်အတွက် စစ်သင်္ဘောသုံးစင်းတည်ဆောက်ပေးမယ့် အမေရိကန်ဒေါ်လာ ၇ ဘီလီယံတန်ဖိုးရှိစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။
ဒီစာချုပ်လက်မှတ်ထိုးပွဲကို စနေနေ့က မဲလ်ဘုန်းမြို့မှာကျင်းပခဲ့ပြီး သြစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချက်မားလ်စ် (Richard Marles)နဲ့ ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအီဇူမီ ရှင်ဂျီရို (Koizumi Shinjiro)တို့ တက်ရောက် လက်မှတ်ထိုးခဲ့ကြပါတယ်။
သြစတြေးလျအစိုးရက စစ်သင်္ဘော၁၁စင်းတည်ဆောက်ဖို့အစီအစဥ်ရှိပြီး ဂျပန်နိုင်ငံ မစ်စူဘီရှီ (Mitsubishi Heavy Industries)ကုမ္ပဏီက သြစတြေးလျရေတပ်အတွက် စစ်သင်္ဘော ၃စင်းတည်ဆောက်ပေးဖို့ သဘောတူညီမှုရရှိထားပါတယ်။ ရေဒါဖမ်းယူဖို့ခက်ခဲတဲ့ အဆင့်မြင့်ဖရီးဂိတ်သင်္ဘော ၃ စင်းကို ဂျပန်နိုင်ငံတောင်ပိုင်း နာဂါစကီစီရင်စုမှာတည်ဆောက်မှာဖြစ်ပြီး အော်စတယ်လ် (Austal)ကုမ္ပဏီက ကျန် ၈ စင်းကိုသြစတြေးလျအနောက်ပိုင်းမှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။
ဂျပန်မှာတည်ဆောက်မယ့် ပထမဆုံးစစ်သင်္ဘောကို ၂၀၂၉ ခုနှစ်မှာလွှဲပြောင်းပေးအပ်ဖို့သဘောတူထားပြီး အဲ့ဒီစစ်သင်္ဘောက ၂၀၃၀ပြည့်နှစ်မှာ စတင်တာဝန်ထမ်းဆောင်ဖို့လျာထားတယ်လို့သိရပါတယ်။
သြစတြေးလျနဲ့ဂျပန်တို့ဟာ "ပိုမိုပြင်းထန်လာတဲ့ လုံခြုံရေးပတ်ဝန်းကျင်" အခြေအနေနဲ့ရင်ဆိုင်နေရတာကြောင့် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုပိုအရေးကြီးလာကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ကိုအီဇူမီ ရှင်ဂျီရိုက ပြောပါတယ်။
သြစတြေးလျအစိုးရဟာ တိုကျိုအခြေစိုက် မစ်ဆူဘီရှီကုမ္ပဏီနဲ့ ဂျာမနီနိုင်ငံက Thyssenkrupp ကုမ္ပဏီတို့အကြား တင်ဒါယှဉ်ပြိုင်မှုတွေပြုလုပ်ပြီးနောက် သူတို့နိုင်ငံရဲ့မျိုးဆက်သစ် စစ်သင်္ဘောတွေတည်ဆောက်ဖို့ မစ်ဆူဘီရှီကုမ္ပဏီ ရွေးချယ်ခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်ကထုတ်ပြန်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံက ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးရေတပ်စွမ်းအားမြှင့်တင်ရေးအစီအစဉ်ကိုပြုလုပ်နေပြီး လာမယ့် ဆယ်စုနှစ်အတွင်း စံချိန်တင် စစ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၀၅ ဘီလီယံအထိ သုံးစွဲဖို့ ကတိပြုထားပါတယ်။




Comments