အစ္စရေးတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့ လူတစ်ရာကျော်ရဲ့ ရုပ်အလောင်းတွေကို ဂါဇာမှာမြေမြုပ်သဂြိုလ်ပွဲပြုလုပ်
- BVJ

- 2 days ago
- 1 min read
သူရ/BVJ_သြဂုတ် ၅၊ ၂၀၂၆

ဂါဇာစစ်ပွဲအစောပိုင်း ၂၀၂၃ ခုနှစ်နှောင်းပိုင်းက အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့တဲ့ လူ ၁၁၂ဦးရဲ့ရုပ်အလောင်းတွေကို အစုလိုက်အပြုံလိုက်မြုပ်နှံတဲ့မြေမြုပ်သင်္ဂြိုဟ်ပွဲကြီးတစ်ခုကို ဂါဇာမှာ သြဂုတ်လ ၄ ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။
အဲဒီရုပ်အလောင်းတွေဟာမိသားစုဝင်တွေဖြစ်ပြီး၊ နှစ်ပတ်ကြာလုပ်ဆောင်ခဲ့တဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေအပြီးမှာမှ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံပုံတွေအောက်ကနေ မကြာသေးမီကမှပြန်လည်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတန်းစီချထားပြီး တစ်ဦးချင်းစီရဲ့ အလောင်းတွေကို ပါလက်စတိုင်းအလံတွေနဲ့ခြုံပေးထားကာ အချို့အလောင်းတွေမှာတော့ သေဆုံးသူရဲ့ဓာတ်ပုံတွေကိုတင်ထားတာကို ဗီဒီယိုဖိုင်တွေထဲမှာတွေ့ရပါတယ်။

ဒီမြေမြုပ်သင်္ဂြိုဟ်ပွဲဟာ ဂါဇာမှာလုပ်ဆောင်ခဲ့ဖူးသမျှထဲမှာအကြီးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။သေဆုံးသွားသူတွေထဲမှာ အဘူ ရှာရီယာ နဲ့ ဟာဆိုင်းနား (Hassayna) မိသားစုတွေက ကလေးငယ် ၄၄ ဦး၊ အမျိုးသမီး ၃၈ ဦးနဲ့ မသန်စွမ်းသူ ၇ ဦးတို့ပါဝင်ပါတယ်။
သူတို့တွေဟာ ၂၀၂၃ခုနှစ်၊နိုဝင်ဘာလ ၂၂ ရက်နေ့က ဂါဇာစီးတီးရဲ့ ဆာဘရာ (Sabra) ရပ်ကွက်ရှိ လူနေတိုက်တန်းတစ်ခု အစ္စရေးရဲ့ တိုက်ခိုက်မှုကို ခံရချိန်မှာသေဆုံးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနေ့ဟာ အောက်တိုဘာလ ၇ ရက်နေ့က ဟားမာ့စ်တွေဦးဆောင်ပြီး အစ္စရေးနိုင်ငံတောင်ပိုင်းကိုတိုက်ခိုက်ခဲ့လို့ လူ ၁,၂၀၀ သေဆုံးကာ ၂၅၁ ဦးဓားစာခံအဖြစ်ဖမ်းဆီးခံခဲ့ရပြီးနောက် ခြောက်ပတ်အကြာအပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။

စစ်ပွဲစတင်ကတည်းက ဟားမာ့စ်တွေထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ဂါဇာမှာ လူပေါင်း အနည်းဆုံး ၇၃,၃၇၇ ဦး သေဆုံးခဲ့ပြီး၊ အဲဒီစာရင်းတွေကို ကုလသမဂ္ဂကယုံကြည်စိတ်ချရတယ်လို့ ယူဆထားပါတယ်။ ဂါဇာမှာတော့ အလောင်းရှာဖွေရေးလုပ်ငန်းတွေကို ဟားမာ့စ်တွေထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ အရပ်ဘက်ကာကွယ်ရေးအဖွဲ့ (Civil Defence)ကလုပ်ဆောင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ လုပ်ငန်းတွေကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)ကကူညီထောက်ပံ့ပေးထားပါတယ်။
ဂါဇာကမ်းမြောင်ဒေသတစ်ဝန်းလုံးမှာလည်း ပျောက်ဆုံးနေတဲ့သူထောင်ပေါင်းများစွာရှိနေဆဲဖြစ်ပါတယ်။ စစ်ပွဲအတွင်း အစ္စရေးတို့ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြိုကျပျက်စီးခဲ့တဲ့အပျက်အစီးတွေအောက်မှာ လူအများအပြားရဲ့ရုပ်အလောင်းတွေ ရှိနေသေးတယ်လို့ယူဆရပါတယ်။
ခရက်ဒစ်-AL Jazeera



Comments