အစ္စရေးက ဂါဇာမှာလူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်နေတယ်လို့ အမေရိကန်အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်ပြော
- BVJ

- Sep 19
- 1 min read
အေတီ/BVJ_စက်တင်ဘာ ၁၈၊ ၂၀၂၅

ဂါဇာကို အစ္စရေးကတိုက်ခိုက်နေတာဟာ လူမျိုးတုံးသတ်ဖြတ်မှုတစ်ခုပြုလုပ်နေတာဖြစ်တယ်လို့ လူသိများထင်ရှားတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ်ကပြောပါတယ်။
ပြီးတော့ ပါလက်စတိုင်းအရပ်သားတွေသတ်ဖြတ်ခံနေရတဲ့ကိစ္စမှာ ကြံရာအနေနဲ့ဆက်မပါဖို့လည်း အမေရိကန်အစိုးရကိုတိုက်တွန်းလိုက်ပါတယ်။
ဘာနီဆန်းဒါးစ်ရဲ့ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ချက်ဟာ အစ္စရေးက ဂါဇာမှာလူမျိုးတုံးသတ်ဖြတ်မှုလုပ်နေတယ်လို့ ကုလသမဂ္ဂစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာထွက်လာပြီးနေ့ နောက်တနေ့မှာထွက်လာတာဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို အပြီးသတ်တိုက်ခိုက်ချေမှုန်းဖို့အမိန့်ပေးထားတဲ့ အစ္စရေးခေါင်းဆောင်ပိုင်းတွေရဲ့ပြောကြားချက်တွေကို ဘာနီဆန်းဒါးစ်က ကိုးကားထားတဲ့အပြင် ဂါဇာမှာသေဆုံးတဲ့သူဦးရေ တိုးလာတာနဲ့ အစာရေစာငတ်မွတ်ခေါင်းပါးမှုတွေပိုဖြစ်လာတဲ့အချက်တွေပါကိုးကားပြီး ထုတ်ပြန်ချက်ထဲမှာဖော်ပြထားတာဖြစ်ပါတယ်။
“ရည်ရွယ်ချက်နဲ့ လုပ်ဆောင်နေမှုတွေပေါင်းပြီး ကောက်ချက်စွဲလိုက်ရင် အစ္စရေးကဂါဇာမှာလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတယ်ဆိုတာ အသေအချာပြောနိုင်ပါတယ်”လို့ ဆန်းဒါးစ်က အတည်ပြုပြောပါတယ်။
အမေရိကန်သမ္မရွေးကောက်ပွဲမှာဝင်ပြိုင်ခဲ့ပြီး တိုးတက်တဲ့အမြင်ရှိတဲ့လှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ ဘာနီဆန်းဒါးစ်ဟာ အစ္စရေးကလူမျိုးတုံးသတ်ဖြတ်မှုပြုလုပ်နေတယ်လို့ ပထမဆုံးထုတ်ပြောတဲ့ ပထမဆုံးအမေရိကန်အထက်လွှတ်တော်အမတ်တစ်ယောက်ဖြစ်ပါတယ်။
အောက်လွှတ်တော် အမတ်တော်တော်များများကတော့ အစ္စရေးက ဂါဇာမှာလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်နေတယ်လို့ ပြောထားကြပြီးဖြစ်ပါတယ်။
ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှုအဓိပ္ပါယ်ထဲမှာ “နိုင်ငံတစ်နိုင်ငံ ၊ လူမျိုးတစ်မျိုးကို လူမျိုးရေး ဘာသာရေးမုန်းတီးမှုတစ်ခုခုနဲ့ ရည်ရွယ်ချက်ရှိရှိဖျက်ဆီးဖို့ ကျုးလွန်တဲ့လုပ်ရပ်လို့ “သတ်မှတ်ထားပါတယ်။
စွပ်စွဲချက်ထဲမှာ အစ္စရေးကစစ်ဥပဒေတွေကို ချိုးဖောက်နေရုံတင်သာမက ပါလက်စတိုင်းတွေရဲ့တည်ရှိနေမှုကိုပါအပြီးသတ်ဖယ်ရှားပစ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ကလည်း ဗားမောင့်ပြည်နယ်ကိုယ်စားပြု အောက်လွှတ်တော်အမတ် ဂျူးလူမျိုးBecca Balint ကလည်း ဂါဇာမှာ အစ္စရေးကလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဘာနီဆန်းဒါးစ်ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာ အစ္စရေးကို လက်နက်တွေထောက်ပံ့နေတဲ့ အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို အမြန်ဆုံးရပ်တန့်ပေးဖို့ တောင်းဆိုထားပါတယ်။
အစ္စရေးအစိုးရအာဏာပိုင်တွေက ဂါဇာမှာ ၂၀၂၃ခုနှစ် အောက်တိုဘာ ၇ ရက်ကနေ စစ်ဆင်ရေးတွေစလုပ်ပြီး ပါလက်စတိုင်းတွေကိုသတ်နိုင်သမျှသတ်ဖြတ်နေပြီး၊ သတ်ဖြတ်ခံရသူတွေထဲမှာ ကလေးငယ်တွေလည်းပါဝင်နေတယ်လို့ ကုလသမဂ္ဂအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂအစီခံစာဖော်ပြချက်တွေကို အစ္စရေးကလက်မခံပယ်ချခဲ့ပြီး အစီရင်ခံစာရေးတဲ့သူတွေဟာ ဂျူးဆန့်ကျင်ရေးသမားတွေလို့တောင် တုန့်ပြန်ခဲ့ပါတယ်။ ၂နှစ်အတွင်း ဂါဇာမှာအစ္စရေးစစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း ခြောက်သောင်းငါးထောင်ကျော်အထိ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။
ခရက်ဒစ်- AL Jazeera







Comments