အီရန်က လက်တုံ့ပြန်တဲ့အနေနဲ့ အရှေ့အလယ်ပိုင်းတစ်ဝန်းရှိ အမေရိကန်ပစ်မှတ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့တိုက်ခိုက်
- BVJ

- 6 days ago
- 1 min read
သူရ/BVJ- စက်တင်ဘာ ၂၊ ၂၀၂၆

အမေရိကန်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် မင်္ဂလာပွဲတစ်ခုမှာ လူ ၅ ဦး သေဆုံးခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အီရန်က အရှေ့အလယ်ပိုင်းတစ်ဝန်းရှိ အမေရိကန် ပစ်မှတ်တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်ဆောင်ရွက်နေကြောင်း ကူဝိတ်နဲ့ ဂျော်ဒန်နိုင်ငံတို့က ပြောကြားခဲ့ကြပြီး အီရတ်နဲ့ဘာရိန်းနိုင်ငံတို့မှာလည်း တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ကြောင်း အီရန်နိုင်ငံပိုင် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အမေရိကန်ဒုံးကျည်တစ်စင်းရဲ့ အစအနတစ်ခုဟာ အီရန်နိုင်ငံတောင်ပိုင်းရှိ အိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မင်္ဂလာပွဲတစ်ခုမှာ ကလေးငယ်တစ်ဦးအပါအဝင် လူငါးဦး သေဆုံးခဲ့ရကြောင်း အီရန်ကြက်ခြေနီအသင်းက ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်မှုတွေ ထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ယခုနှစ်အစောပိုင်းက အမေရိကန်နဲ့ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ အီရန်ဘက်က အဓိက ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူ မိုဟာမက် ဘာဂါ ဂါလီဘဖ် (Mohammad Bagher Ghalibaf) က "အာဏာရှင်တစ်ရပ်အနေနဲ့ စာတန်လိုပြုမူမယ်၊ စာတန်လို ပစ်မှတ်တွေကို ရွေးချယ်မယ်၊ ပြီးတော့ စာတန်လို လူသတ်မယ်ဆိုရင် အဲဒါ စာတန်ပါပဲ" ဟု ပြောကြားခဲ့ပါတယ်။
အမေရိကန် စစ်တပ်ဘက်ကတော့ သတင်းတွေကို သိရှိထားကြောင်း၊ အရပ်သားများကို လုံးဝ ပစ်မှတ်ထားခြင်း မရှိကြောင်းနဲ့ ဟော်မုဇ် ရေလက်ကြားအတွင်း အမေရိကန် တပ်ဖွဲ့တွေနဲ့ ကုန်သွယ်ရေး သင်္ဘောတွေအပေါ် "လွန်ခဲ့တဲ့ရက်ပိုင်းက လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်ရန် ကြိုးပမ်းမှုတွေ" ကို တုံ့ပြန်တဲ့အနေနဲ့ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့ညပိုင်းမှာ အမေရိကန်က အီရန်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက်ရှိ အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်တွေကိုရည်ရွယ်ပြီး လေကြောင်းတိုက်ခိုက်မှုအသစ်တွေကို အပြင်းအထန်ထပ်မံပြုလုပ်ခဲ့ပါတယ်။
အဲဒီနောက် အီရန်ဘက်ကလည်း ဒေသတွင်းက အမေရိကန်နဲ့ ဆက်စပ်နေတဲ့ ပစ်မှတ်တွေကို ပစ်ခတ်နိုင်စွမ်းရှိတဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် လတ်တလောအခြေအနေတွေဟာ သီတင်းပတ်နဲ့ချီပြီး အဆိုးရွားဆုံးအထိ တင်းမာမှု မြင့်တက်လာခဲ့ပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် (US Central Command) ကလည်း အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းတွေ၊ ရေဒါစနစ်တွေ၊ ရေကြောင်းဆိုင်ရာ ပစ္စည်းကိရိယာတွေ၊ ရေမြှုပ်မိုင်းထောင်နိုင်တဲ့ စွမ်းဆောင်ရည်တွေနဲ့ ဆက်သွယ်ရေး စက်ကိရိယာများ အပါအဝင် ပစ်မှတ်တွေကို တိုက်ခိုက်မှုအသစ်တစ်ရပ် ထပ်မံပြုလုပ်ခဲ့ကြောင်း အတည်ပြုထားပါတယ်။
ဟော်မုဇ် ရေလက်ကြားအတွင်း ကုန်သွယ်ရေး သင်္ဘောတွေနဲ့ ဒေသတွင်း တပ်စွဲချထားတဲ့ အမေရိကန် တပ်ဖွဲ့တွေအပေါ် မကြာသေးမီက အီရန်ဘက်က တိုက်ခိုက်ဖို့ ကြိုးပမ်းမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ယခုစစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဘက်က ဆိုပါတယ်။
ဟော်မုဇ် ရေလက်ကြားရှိ လာရက်ကျွန်း (Larak Island) ပေါ်က အီရန်ဒုံးကျည် ပစ်လွှတ်စက်တွေကို အမေရိကန်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် တနင်္ဂနွေနေ့မှာ တင်းမာမှုတွေ ပြန်လည်စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကို တုံ့ပြန်တဲ့အနေနဲ့ ဂျော်ဒန်နိုင်ငံအတွင်းရှိ အမေရိကန်စခန်းတွေကို အီရန်က ဒုံးကျဉ်းတွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ဂျော်ဒန်တပ်ဖွဲ့တွေက ကြားဖြတ် ဟန့်တားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ယူအေအီးနိုင်ငံကလည်း ၎င်းတို့ရဲ့ ရေပိုင်နက်အထက်မှာ အီရန်ဒရုန်းတစ်စင်းကို ကြားဖြတ် ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ခြောက်လကြာ မြင့်တက်လာခဲ့တဲ့ ဒီပဋိပက္ခဟာ မကြာသေးမီက စစ်ရေးအရ အရှိန်မမြှင့်မီအထိ ဝါရှင်တန်အစိုးရဘက်က စီးပွားရေးပိတ်ဆို့မှုတွေနဲ့ အီရန်ကို စီးပွားရေးအရ အထီးကျန်ဖြစ်စေဖို့ အဓိကထား လုပ်ဆောင်နေခဲ့တဲ့ စီးပွားရေး ပဋိပက္ခသဘောမျိုး ဆောင်နေခဲ့တာ ဖြစ်ပါတယ်။




Comments