အင်ဒိုနဲ့ထိုင်းနိုင်ငံရေကြီးမှုအတွင်း သေဆုံးသူ ၃၅၀ ကျော်ထိရှိလာ
- BVJ

- Dec 1, 2025
- 1 min read
အေတီ/BVJ_နိုဝင်ဘာ ၂၉၊ ၂၀၂၅

အင်ဒိုနီးရှားနဲ့ထိုင်းနိုင်ငံတို့မှာရေကြီးမှုကြောင့် သေဆုံးသူဦးရေ ၃၅၀ ကျော်ထိရှိလာပြီး အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရတဲ့နေရာတွေကို ကယ်ဆယ်ရေးသမားတွေအရောက်သွားဖို့ အခက်အခဲတွေရှိနေပါတယ်။
ရေကြီး၊မြေပြိုကျမှုတွေကြောင့် အင်ဒိုနီးရှားမှာ လူ၂၀၀ကျော်သေဆုံးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာအဖွဲ့တစ်ခုရဲ့ စာရင်းဇယားတွေအရသိရပါတယ်။အဆိုးရွားဆုံးဒဏ်ခံရတဲ့ ဆူမာတြားကျွန်းဒေသကိုရောက်အောင်သွားဖို့ ကယ်ဆယ်ရေးသမားတွေအတွက် အခက်အခဲတွေရှိနေပြီး လူ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
“ဒီညမှာ သေဆုံးသူ ၆၁ ဦးကိုမှတ်တမ်းတင်ထားပြီးပျောက်ဆုံးနေတဲ့လူ ၉၀ ကိုတော့ ဆက်လက်ရှာဖွေနေဆဲပါ”လို့ အနောက်ဆူမားတြားဒေသ သဘာဝဘေးအန္တရာယ်လျှော့ချရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ Ilham Wahabက သောကြာနေ့ညပိုင်းမှာ ပြောပါတယ်။
ဆူမာတြားမြောက်ပိုင်းမှာလူ ၁၁၆ ဦးသေဆုံးခဲ့ပြီး အာချေးပြည်နယ်ထဲမှာ အနည်းဆုံး လူ ၃၅ ဦးသေဆုံးခဲ့ကြောင်း အဲ့ဒီအေဂျင်စီရဲ့ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံးရေကြီးမှုနဲ့ကြုံခဲ့ရတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဆောင်ခလာပြည်နယ်မှာတော့ သေဆုံးမှု ၁၆၄ဦးအထိမြင့်တက်လာကြောင်း ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ Siripong Angkasakulkiat က ဒီနေ့ စနေနေ့မှာ ရိုက်တာသတင်းဌာနကိုပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်ကတော့ ရေဘေးကြောင့်ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေသူတွေရှိတဲ့နေရာကို သောကြာနေ့မှာသွားပြီးအားပေးစကားပြောခဲ့ပါတယ်။
"ကျွန်တော်အစိုးရအဖွဲ့မှာရှိနေတဲ့ကာလအတွင်း ဒီကိစ္စဖြစ်ခဲ့တဲ့အတွက် တကယ်ပဲတောင်းပန်ပါတယ်"လို့ AmarinTVကထုတ်လွှင့်တဲ့ရုပ်သံထဲမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ထိုင်းအစိုးရက ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခဲ့ရတဲ့သူတွေအတွက် ကယ်ဆယ်ရေးအစီအမံတွေချမှတ်ကူညီနေပြီး မိသားစုဝင်တွေဆုံးရှုံးခဲ့ရတဲ့ အိမ်ထောင်စုတစ်ခုကို ဘတ် ၂ သန်း (ဒေါ်လာ ၆၂၀၀၀)အထိ လျော်ကြေးပေးနေတယ်လို့ သိရပါတယ်။







Comments