အင်ဒိုနီးရှားစာသင်ကျောင်းပြိုကျမှု သေဆုံးမှုစာရင်း ၅၄ဦးထိတိုးလာ
- BVJ

- Oct 7
- 1 min read
အေတီ/BVJ - အောက်တိုဘာ ၆၊ ၂၀၂၅

အင်ဒိုနီးရှားမှာ ပြိုကျခဲ့တဲ့စာသင်ကျောင်းအဆောက်အဦးက လူသေဆုံးမှုအရေအတွက်တိုးလာနေပြီး ဒီနေ့အထိစာရင်းအရ သေဆုံးတဲ့သူ ၅၄ ဦးရှိသွားပါပြီ။ ရှာဖွေကယ်ဆယ်ရေးတွေဆက်လုပ်နေဆဲဖြစ်ပြီး ကျောင်းသား တဒါဇင်ကျော်ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျားဗား ဆီဒိုရာဂျိုမြို့က Al Khoziny အယ်ခိုဇီနီအစ္စလာမ်ဘာသာရေးကျောင်းမှာ ဆယ်ကျော်သက်ကျောင်းသား ရာနဲ့ချီဝတ်ပြုဆုတောင်းနေတဲ့အချိန် ပြီးခဲ့တဲ့တပါတ်တနင်္လာနေ့က ပြိုကျခဲ့တာဖြစ်ပါတယ်။
ကျောင်းပြိုကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးသူတွေကဆက်လက်ရှာဖွေနေပါတယ်။ အုတ်မြစ်ချတာ မတည်မငြိမ်တာကြောင့် နှစ်ထပ်တိုက်အဆောက်အဦးပြိုကျရတာဖြစ်ကြောင်း တာဝန်ရှိတဲ့သူတွေကပြောပါတယ်။
ကျောင်းအဆောက်အဦးပြိုကျတာ တပါတ်ရှိလာပြီဖြစ်တဲ့အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကလည်း တဖြည်းဖြည်းမျှော်လင့်ချက်နည်းလာပါတယ်။ ကယ်ဆယ်ရေးသမားတွေက ပြိုကျတဲ့အဆောက်အဦးအောက် ပိတ်မိနေတဲ့ကျောင်းသား ၁၃ ဦးကို ဒီနေ့နောက်ဆုံးထားရှာဖွေနိုင်လိမ့်မယ်လို့မျှော်လင့်ထားကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံးမူဆလင်နိုင်ငံတစ်ခုဖြစ်ပါတယ်။အဲ့ဒီမှာ ကျောင်းသား ၇သန်းတက်ရောက်သင်ကြားနေတဲ့ ကျောင်းအိပ်ကျောင်းစား အစ္စလာမ့်ဘာသာရေးကျောင်း လေးသောင်းနှစ်ထောင်လောက်ရှိတယ်လို့ သာသနာရေးဝန်ကြီးဌာနကအချက်အလက်တွေအရသိရပါတယ်။
Ref:BBC







Comments