အင်ဒိုနီးရှားနိုင်ငံက မြို့ကြီးတွေမှာဆန္ဒပြပွဲတွေအရှိန်မြင့် ဖြစ်ပွားလာနေ
- BVJ

- Sep 1
- 1 min read
အေတီ/BVJ_ သြဂုတ် ၃၀၊ ၂၀၂၅

မြို့တော် ဂျကာတာအပါအဝင် အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းကမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေအကြီးအကျယ်ဖြစ်ပွားနေပါတယ်။ ကြာသပတေးညက ဆန္ဒပြတဲ့ဒလီဗာရီသမားတစ်ဦး ရဲတပ်ဖွဲ့ကားနဲ့တိုက်မိပြီး သေဆုံးသွားတာကနေ ဆန္ဒပြပွဲတွေပိုကြီးထွားလာပါတယ်။
ရဲတပ်ဖွဲ့လက်ချက်နဲ့ သေဆုံးသွားသူက အစားအစာ ဒလီဗာရီပို့တဲ့အလုပ်လုပ်ကိုင်နေသူ အသက် ၂၁နှစ်အရွယ် Affan Kurniawan ဖြစ်ပါတယ်။
သောကြာနေ့ကကျင်းပခဲ့တဲ့ ကူနီယာဝမ်ရဲ့ နောက်ဆုံးခရီးစျာပနကို သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒလီဗာရီသမားတွေ ထောင်နဲ့ချီက ဒလီဗာရီဝတ်စုံဂျာစီအစိမ်းတွေဝတ်ပြီး ဆိုင်ကယ်တွေနဲ့လိုက်ပါပို့ဆောင်တာတွေ့ရပါတယ်။

ဆန္ဒပြတဲ့သူတွေက သောကြာနေ့မှာပဲ အင်ဒိုရီးယားနိုင်ငံမြို့တော် ဂျကာတာရဲတပ်ဖွဲ့ဌာနချုပ်ကို ကူနီယာဝမ်အတွက် တရားမျှတမှုဖော်ဆောင်ပေးဖို့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က ဆန္ဒပြပွဲကိုမျက်ရည်ယိုဗုံးတွေနဲ့ပစ် မီးသတ်ပိုက်တွေနဲ့ဖြိုခွင်းခဲ့ပြီး ဆန္ဒပြတဲ့သူတွေက မီးလောင်ဗုံးတွေနဲ့ပြန်ပစ် အဆောက်အဦးတွေ မီးရှို့တာတွေနဲ့ တုန့်ပြန်ခဲ့ပါတယ်။
ဆန္ဒပြတဲ့လူအုပ်စုတစုက ဂျကာတာမြို့လယ်ရဲတပ်ဖွဲ့ အဆောက်အဦးနားက ငါးထပ်အဆောက်အဦးတစ်ခုကိုမီးတင်ရှို့ခဲ့ပါတယ်။ အခြားဆန္ဒပြတဲ့သူတွေက မီးပွိုင့်တွေနဲ့ အခြားအခြေခံအဆောက်အအုံတွေကို ခဲတွေနဲ့ပစ် ဖျက်ဆီးခဲ့တာတွေ့ရပါတယ်။
ဆန္ဒပြသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့မှုတွေက ဂျကာတာမြို့အပြင် အင်ဒိုနီးရှားနိုင်ငံအခြားမြို့ကြီးတွေကိုပါကူးစက်နေပြီလို့ သိရပါတယ်။

လတ်တလောမှာ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးအရေးယူထားပေမယ့် ကူနီယာဝမ်ကိုတိုက်တဲ့ကားသမားဘယ်သူလဲဆိုတာ အခုထိမသိရသေးပါဘူး။
ကူနီယာဝမ်သေဆုံးမှုနဲ့ပတ်သက်လို့ အင်ဒိုနီးရှားရဲချုပ်နဲ့ အင်ဒိုနီးရှားသမ္မတ Prabowo Subianto တို့က လူသိရှင်ကြားတောင်းပန်ခဲ့ကြပြီး ဆန္ဒပြပွဲတွေ အမြန်ဆုံးရပ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းကြဖို့ မေတ္တာရပ်ခံထားပါတယ်။
အလုပ်လက်မဲ့များလာတာ၊ လုပ်ခနည်းတာ ၊ အခွန်တွေမြင့်မားလာတာတွေက လူနေမှုစရိတ်တွေမြင့်တက်လာတဲ့အတွက် မငြိမ်မသက်မှုတွေဖြစ်လာစေခဲ့တဲ့ အဓိကအရင်းခံအကြောင်းရင်းတွေဖြစ်ပါတယ်။ အဲ့ဒီအချက်တွေက အင်ဒိုနီးရှားသမ္မတ Prabowo ပရာဘိုဟိုဆူဘီယန်အတွက် အဓိကစမ်းသပ်စိန်ခေါ်မှုတွေဖြစ်လာနေတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။




Comments