အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ပကဖ ၁၀ ဦးကျဆုံးခဲ့တယ်လို့ NUG အတည်ပြု
- BVJ

- May 19
- 1 min read
BVJ/အိုင်းရစ် _ မေ ၁၉ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း တမူးမြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တမူးမြို့နယ် ပကဖ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က Burma VJ ကို အတည်ပြုပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထိန်းချုပ်ဒေသ နှစ်နိုင်ငံနယ်စပ်မှတ်တိုင် ၅၉ အနီးမှာ အခု မေလ ၁၄ ရက်က နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် တမူးပကဖ ၁၀ ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံခဲ့ရပါတယ်။ (အိန္ဒိယသတင်းဌာန The Print မှာတော့ နှစ်နိုင်ငံနယ်ခြားမှတ်တိုင် ၆၁ လို့ ဖော်ပြထားပါတယ်။)
“ကျွန်တော်တို့ အိန္ဒိယဘက်နဲ့တော့ ချိတ်ဆက်ဆောင်ရွက်နေတာတွေရှိပါတယ်။ သတင်းထုတ်လို့ရတဲ့အချိန်ကျရင် ကျွန်တော်တို့ သတင်းထုတ်ပြန်ပါမယ်။ ဒီဖြစ်စဉ်မှာ ပကဖ ၁၀ ကျဆုံးတာကိုတော့ အတည်ပြုလို့ရပါတယ်” လို့ ဦးနေဘုန်းလတ်က Burma VJ ကို ပြောပါတယ်။
နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားတဲ့ဖြစ်စဉ်အကြောင်းရင်းကို မသိရှိရသေးပေမဲ့ အိန္ဒိယစစ်တပ်လက်အောက် အာသံရိုင်ဖယ်တပ်ဖွဲ့က ၄၈ နာရီကြာ နယ်စပ်ဒေသ လုံခြုံရေးနဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ချိန် နှစ်နိုင်ငံနယ်စပ်အနီးမှာ ကူကီးအမျိုးသားတပ်မတော် (မြန်မာ) (KNA-B) လက်နက်ကိုင်အဖွဲ့လို့ ယူဆရသူတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ အိန္ဒိယသတင်းဌာန The Print မေ ၁၆ ရက်မှာ ဖော်ပြထားပါတယ်။
နှစ်နိုင်ငံနယ်စပ်နယ်နမိတ်အနီး ထိတွေ့ပစ်ခတ်မှုအတွင်း AK 47 ၇ လက်၊ RPG တစ်လက်၊ M4 သေနတ် ၁ လက်နဲ့ တစ်လုံးထိုးသေနတ် ၄ လက်နဲ့ ခဲယမ်းတွေကိုလည်း အာသံရိုင်ဖယ်တပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ပုံစာ - အိန္ဒိယ-မြန်မာနယ်စပ်အနီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအတွင်း အာသံရိုင်ဖယ်တပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (Photo: The Print)







Comments