စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျွန်းလှမြို့က ရေနံချက်ဖိုတစ်ခုမီးလောင်
- BVJ

- Jul 7
- 1 min read
BVJ _ ဇူလိုင် ၇ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ရွာကြီးကုန်းအနီးကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် ပြည်သူပိုင် ရေနံချက်ဖိုတစ်ခု မီးလောင်ခဲ့ပြီး ရေနံပေပါအများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူအဖွဲ့က ဖော်ပြထားပါတယ်။
ရွာကြီးကုန်းရွာအနီးမှာ မြေပြင်စစ်ကြောင်းထိုးတာ၊ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ဇူလိုင် ၆ ရက် မနက် ၆ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရေနံချက်ဖိုအနီးမှာရှိတဲ့ ကား၊ ဆိုင်ကယ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့သိရပြီး ဒေသခံပြည်သူ ထိခိုက်သေဆုံးမှု ရှိ မရှိ အခြေအနေကိုတော့ ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
အခု ဇူလိုင် ၄ ရက်နေ့ မနက်အစောပိုင်းကလည်း ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း ဗျူဟာကွင်းလမ်းအနီး သီရိမွန်ကျေးရွာ လမ်းဆုံကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လုပ်ဆောင်ခဲ့တာကြောင့် ခရီးသွားပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ Kawlin Revolution – KR ကလည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီလေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သီရိမွန်ကျေးရွာလမ်းဆုံမှာ ဒေသခံပြည်သူတွေနဲ့ ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်တွေ အများအပြားရှိနေပြီး လမ်းမပွင့်သေးတာကြောင့် စောင့်ဆိုင်းနေကြချိန် ဗုံးကြဲတိုက်ခိုက်ခံရတာလည်း ဖြစ်ပါတယ်။







Comments