top of page

စစ်သုံ့ပန်းတွေထောင်ဖောက်ပြေးသွားတဲ့အပေါ် ကရင်နီပြည်လူထုနဲ့တော်လှန်ရေးအင်အားစုတရပ်လုံးကို IECတောင်းပန်

  • Writer: BVJ
    BVJ
  • Jan 29
  • 1 min read

ယူဂရင်း/BVJ_ဇန်နဝါရီ ၂၉၊ ၂၀၂၆

စစ်သုံ့ပန်း ၆၈ယောက်ကို ထိုင်းစစ်တပ်က မြန်မာစစ်အုပ်စုဘက်ကို ဇန်နဝါရီ ၂၇ရက်က ပြန်လွှဲပြောင်းပေးနေပုံ
စစ်သုံ့ပန်း ၆၈ယောက်ကို ထိုင်းစစ်တပ်က မြန်မာစစ်အုပ်စုဘက်ကို ဇန်နဝါရီ ၂၇ရက်က ပြန်လွှဲပြောင်းပေးနေပုံ

ကရင်နီပြည် အကျဉ်းထောင်ကနေ စစ်သုံ့ပန်း (၇၆) ဦး၊ ထောင်ဝန်ထမ်း (၂)ဦးနဲ့ မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ကျခံထားရသူ (၅)ဦး၊ စုစုပေါင်း (၈၃)ဦး ထွက်ပြေးလွတ်မြောက်သွားတာကနေ (၈)ဦးကိုအသေပစ်ခတ်ဖမ်းမိခဲ့ပြီး (၂)ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ-IECကနေ ဒီနေ့ ဇန်နဝါရီ ၂၉ရက် နေ့လယ်မှာ အသိပေးထုတ်ပြန်ပါတယ်။

 

ကျန်တဲ့သူတွေကတော့ ထိုင်းစစ်တပ်ဆီမှာလက်နက်ချအဖမ်းခံလိုက်တာဖြစ်ပြီး ထောင်ဖောက်ပြေးပြီးနောက် နယ်မြေရှင်းလင်းရေးနဲ့လုံခြုံ‌ရေးကင်းလှည့်အစီအမံကို အခုလ ၂၄ရက်အထိ ဆောင်ရွက်ခဲ့တယ်လို့လည်း ‌ဖော်ပြပါတယ်။

 

ဇန်နဝါရီ ၁၈ရက်ကထောင်ဖောက်ပြေးတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားရေးဌာနရဲ့အစီရင်ခံစာနဲ့ အကျဉ်းသားတွေရဲ့ထွက်ဆိုချက်အရ ထောင်ဖောက်ပြေးဖို့ အတွင်းအပြင်ချိတ်ဆက်မှုတွေကို သုံးလခန့်ကြိုတင်ပြင်ဆင်ရကြပြီး ထောင်ဖောက်ထွက်ပြေးရာမှာ (၈-၁၀) ဦး တစ်အုပ်စုနဲ့ အုပ်စုဖွဲ့လှုပ်ရှားခြင်း၊ ထိုင်းနိုင်ငံအတွင်း ရောက်ရှိတဲ့အခါဆုံမှတ်နေရာတွေ ကြိုတင်သတ်မှတ်ထားခြင်း၊ ဖုန်းဆင်းကတ်တွေကြိုတင်စီမံပြီး ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေပေးထားခြင်း၊ ထောင်ဖောက် ထွက်ပြေးရာလမ်းကြောင်းမှာပြန်လည်ခုခံဖို့ အစီအမံတွေချထားခြင်းနဲ့ စားနပ်ရိက္ခာတွေယူဆောင်ခြင်း စတဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာကိုတွေ့ရတယ်လို့ IECကထုတ်ပြန်ပါတယ်။

 

‌ထောင်‌ဖောက်ပြေးတဲ့သူတွေယူသွားတဲ့ လက်နက်ငယ် (၅)လက်နဲ့ကျည်အချို့ကို ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းကာ ဌာနတွင်း စစ်ဆေးမှုပြုလုပ်နေကြောင်းနဲ့ အကျဉ်းသားတွေလွတ်မြောက်ဖို့ ပူးပေါင်းပါဝင်ခဲ့တဲ့ ထောင်အမှုထမ်း (၂)ဦးကိုလည်း ပြစ်မှုဆိုင်ရာတရားစွဲဆိုအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 

စစ်သုံ့ပန်း ၆၈ယောက်ကို ထိုင်းစစ်တပ်က မြန်မာစစ်အုပ်စုဘက်ကို ဇန်နဝါရီ ၂၇ရက်က ပြန်လွှဲပြောင်းပေးနေပုံ
စစ်သုံ့ပန်း ၆၈ယောက်ကို ထိုင်းစစ်တပ်က မြန်မာစစ်အုပ်စုဘက်ကို ဇန်နဝါရီ ၂၇ရက်က ပြန်လွှဲပြောင်းပေးနေပုံ

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းကာ ကျန်ရှိတဲ့စစ်သုံ့ပန်းတွေအပါအဝင် အကျဉ်းသားများဆိုင်ရာ လုံခြုံရေးအစီအမံကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေတွေအတိုင်း ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ အကျဉ်းထောင် ဝန်ထမ်းအင်အားဖြည့်တင်းရေးအပါအဝင် လိုအပ်တဲ့အကျဉ်းထောင်လုံခြုံရေးဆိုင်ရာတွေကိုလည်း ဖော်ဆောင်သွားမယ်လို့ IECကပြောထားပါတယ်။

 

ဒ့ါအပြင် စစ်သုံ့ပန်းအရေးစီမံရာမှာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ နည်းပညာအကူအညီနဲ့ ရန်ပုံငွေ အထောက်အပံ့တွေကို ဖိတ်ခေါ်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

 

“ယခုဖြစ်ရပ်အတွက် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည်လူထု တစ်ရပ်လုံးနှင့် တော်လှန်ရေးအင်အားစုတစ်ရပ်လုံးကို တောင်းပန်ပါကြောင်းနှင့် တာဝန်ယူတာဝန်ခံမှု တို့ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန်အပ်ပါသည်” လို့ IECက ဖော်ပြလာပါတယ်။

 

ကရင်နီ(ကယား)ပြည်၊ မယ်စဲ့အကျဉ်းထောင်ကနေ‌ထောင်ဖောက်ပြေးပြီး ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၆၈ယောက်ကို ထိုင်းစစ်တပ်ဘက်က အခုလ ဇန်နဝါရီ ၂၇ရက် နေ့လယ်မှာ မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားကနေ တဆင့် စစ်အုပ်စုဆီကိုပြန်လွှဲပေးခဲ့ပါတယ်

အခုထောင်ဖောက်ပြေးသွားတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၄ခုနှစ် တိုက်ပွဲတွေအတွင်းမှာ ကရင်နီတပ်ဖွဲ့တွေက ဖမ်းမိထားတဲ့သုံ့ပန်းတွေဖြစ်ပါတယ်။

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page