ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစကားပြောခဲ့ကြောင်း ICRCအတည်ပြု
- BVJ

- Aug 3
- 1 min read
မိုနာ/BVJ_သြဂုတ် ၃၊ ၂၀၂၆

စစ်အုပ်စုကဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီနေ့သြဂုတ် ၃ရက်မနက်က သီးသန့်တွေ့ဆုံစကားပြောခွင့်ရခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)က အခုနေ့လယ်မှာ အသိပေးထုတ်ပြန်ပါတယ်။
အခုတွေ့ဆုံမှုဟာ ICRC ရဲ့စံနှုန်းတွေ၊လုပ်ထုံးလုပ်နည်းတွေနဲ့အညီဆောင်ရွက်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်းသီးသန့်စကားပြောခွင့်ရခဲ့ကြောင်းနဲ့ ICRCရဲ့ကိုယ်စားလှယ်တစ်ဦးကသွားရောက်တွေ့ဆုံခဲ့တာလို့ ဖော်ပြပါတယ်။
ဒါပေမယ့် ဒီတွေ့ဆုံမှုနဲ့သက်ဆိုင်တဲ့ တွေ့ရှိချက်တွေနဲ့အကြံပြုချက်တွေကိုတော့ ထိန်းသိမ်းထားတဲ့ အာဏာပိုင်တွေနဲ့သာ သီးသန့်လျှိဝှက်မျှဝေမယ်လို့လည်း ICRCကဆိုထားပါတယ်။
ပြီးတော့ ICRC ရဲ့ လုပ်ငန်းဆောင်ရွက်ပုံနဲ့အညီ အကျဉ်းချထားတဲ့နေရာတွေကို သွားရောက်တွေ့ဆုံတဲ့အခါ လွတ်လပ်ခွင့်ကန့်သတ်ခံထားရသူတွေကို သူတို့ရဲ့မိသားစုဝင်တွေနဲ့လည်း အပြန်အလှန်သတင်းစကားဖလှယ်နိုင်တဲ့ အခွင့်အရေးကိုလည်းရရှိတယ်လို့ ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)က မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqqueက ဒီနေ့ သြဂုတ် ၃ရက်မနက်ပိုင်းက လာရောက်တွေ့ဆုံခဲ့တယ်ဆိုပြီး အာဏာသိမ်းစစ်အုပ်စုဘက်ကလည်း မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် စစ်အုပ်စုအပေါ် ယုံကြည်မှုနည်းပါးတာကြောင့် ICRCရဲ့တရားဝင်ထုတ်ပြန်ချက်ကိုပြည်သူလူထုက မျှော်လင့်နေကြတာလည်းဖြစ်ပါတယ်။
မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ICRCနဲ့တွေ့ဆုံခွင့်ပေးခြင်ဟာ အာဆီယံနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စုပေါင်းဖိအားပေးမှုကြောင့် ရရှိလာတဲ့အောင်မြင်မှုတစိတ်တပိုင်းဖြစ်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကလည်း ဒီနေ့ နေ့လယ်မှာထုတ်ပြန်ထားပါတယ်။




Comments