top of page

မြန်မာအပေါ် ICJစီရင်ချက်ကို နိုင်ငံတကာကြိုဆိုပြီး တာဝန်ရှိသူတွေကိုအရေးယူဖို့တိုက်တွန်း

Writer: BVJ
BVJ
2 hours ago
1 min read

ICJစီရင်ချက် နိုင်ငံတကာတရားမျှတမှုကိုပြသခြင်းဖြစ်ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ပြော

မိုနာ/BVJ_နိုဝင်ဘာ ၂၀၊ ၂၀၂၆

၂၀၂၆၊နိုဝင်ဘာ ၁၉ရက်က ဂမ်ဘီယာနဲ့မြန်မာအမှုကို ICJကစီရင်ချက်ချနေချိန်အတွင်း မြင်တွေ့ရပုံ။
၂၀၂၆၊နိုဝင်ဘာ ၁၉ရက်က ဂမ်ဘီယာနဲ့မြန်မာအမှုကို ICJကစီရင်ချက်ချနေချိန်အတွင်း မြင်တွေ့ရပုံ။

ဂမ်ဘီယာနဲ့မြန်မာအမှုအပေါ် စီရင်ချက်ချမှတ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့စီရင်ချက်ကို နိုင်ငံတကာနဲ့ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေက ကြိုဆိုလိုက်ကြပါတယ်။


မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကိုကျူးလွန်းခဲ့ကြောင်းနဲ့ ထိခိုက်နစ်နာမှုတွေကို လျော်ကြေးပေးဖို့အပါအဝင် အချက်(၁၃)ချက်ပါစီရင်ချက်ကို ICJက မနေ့က နိုဝင် ၁၉ရက်မှာချမှတ်လိုက်တာဖြစ်ပါတယ်။


အခုလို နိုင်ငံတစ်နိုင်ငံကလူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်တာကို ICJကဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းဟာ ကမ္ဘာ့ပထမဆုံးဖြစ်တာကြောင့် သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုလည်းဖြစ်သွားခဲ့ပါတယ်။

၂၀၂၆၊နိုဝင်ဘာ ၁၉ရက်က ဂမ်ဘီယာနဲ့မြန်မာအမှုကို ICJကစီရင်ချက်ချနေချိန်အတွင်း မြင်တွေ့ရပုံ။
၂၀၂၆၊နိုဝင်ဘာ ၁၉ရက်က ဂမ်ဘီယာနဲ့မြန်မာအမှုကို ICJကစီရင်ချက်ချနေချိန်အတွင်း မြင်တွေ့ရပုံ။

ဒီဆုံးဖြတ်ချက်အပေါ် ကနေဒါ၊ ဗြိတိန်၊ဘင်္ဂလားဒေ့ရှ်နဲ့ သြစတေးလျနိုင်ငံတို့အပါအဝင် ဥရောပသမဂ္ဂ (EU)၊ ကုလသမဂ္ဂ (UN)၊ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)တို့ကလည်းကြိုဆိုထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ လူ့အခွင့်အရေးအဖွဲ့တွေအပါအဝင် မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၁၉ဖွဲ့ကလည်းကြိုဆိုကြောင်း ထုတ်ပြန်ထားကြပါတယ်။


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က "ဤစီရင်ချက်သည် လိုက်နာရန်နှင့် အပြီးသတ်ဖြစ်ကာ အယူခံဝင်ခွင့် မရှိပါ။ယခုစီရင်ချက်သည် နိုင်ငံတကာ တရားမျှတမှုကို ပြသလိုက်ခြင်းဖြစ်သလို၊ အခုလို ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များအတွက် အပြစ်ပေးအရေးယူမှုမှ ကင်းလွတ်ခွင့်ရနေခြင်းကို လုံးဝ ခွင့်မပြုရဘူးဆိုတာကို ထပ်လောင်းအတည်ပြုလိုက်ခြင်းလည်း ဖြစ်ပါသည်"လို့ ရဲ့ ဒီနေ့ နိုဝင်ဘာ ၂၀ရက်မှာထုတ်ပြန်ပြောဆိုထားပါတယ်။


မြန်မာနိုင်ငံအနေဖြင့် တရားရုံးရဲ့ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ရမှာဖြစ်ပြီး တာဝန်ဝတ္တရားနဲ့အညီ လုပ်ဆောင်ရမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ အပြစ်ပေးအရေးယူမှုကနေ ကင်းလွတ်နေတဲ့ အစဉ်အလာဆိုးကိုအဆုံးသတ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် မရှိမဖြစ် လိုအပ်ကြောင်းကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောထားပါတယ်။


အလားတူပဲ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေကလည်း ဒီဆုံးဖြတ်ချက်အပေါ် တာဝန်ယူ၊တာဝန်ခံမှုရှိဖို့နဲ့ စီရင်ချက်အပြည့်အဝကို မြန်မာနိုင်ငံအနေနဲ့ နှောင့်နှေးမှုမရှိဘဲလိုက်နာဖို့ဆိုပြီး ထုတ်ပြန်ပြောဆိုထားကြပါတယ်။


ဗြိတိသျှအစိုးရကလည်း ICJရဲ့ သမိုင်းဝင် စီရင်ချက်ထွက်ပေါ်ပြီးနောက်မှာပဲ မြန်မာစစ်သံမှူးကို နိုင်ငံကနေနှင်ထုတ်ဖို့နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ ကြိုးပမ်းသွားမယ့်အကြောင်းကို ချက်ခြင်းကြေညာခဲ့ပါတယ်။

၂၀၂၆၊နိုဝင်ဘာ ၁၉ရက်က ဂမ်ဘီယာနဲ့မြန်မာအမှုကို ICJကစီရင်ချက်ချနေချိန်အတွင်း မြင်တွေ့ရပုံ။
၂၀၂၆၊နိုဝင်ဘာ ၁၉ရက်က ဂမ်ဘီယာနဲ့မြန်မာအမှုကို ICJကစီရင်ချက်ချနေချိန်အတွင်း မြင်တွေ့ရပုံ။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ICJဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်မှာတော့ ရိုဟင်ဂျာပြည်သူများအတွက် တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုတွေနဲ့အတူ မြန်မာနိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် စစ်အုပ်စုက ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်နိုင်ရေးအတွက်လည်း တပြိုင်နက်ထဲအရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်းထောက်ပြထားပြီး ICJစီရင်ချက်ကို နိုင်ငံတကာ အသိုက်အဝန်းအပါအဝင် သက်ဆိုင်သူအားလုံးအနေနဲ့ လက်တွေ့အရေးယူဆောင်ရွက်ရန် တာဝန်ရှိတယ်လို့ ဖော်ပြပါတယ်။


မြန်မာအရပ်ဘက်အဖွဲ့အစည်း ၂၁၉ဖွဲ့ကလည်း ICJရဲ့စီရင်ချက်ကိုကြိုဆိုထားပြီး ရိုဟင်ဂျာတွေနဲ့အတူ မြန်မာပြည်သူတွေအားလုံးအပေါ် မြန်မာစစ်တပ်ရဲ့ဆယ်စုနှစ်များစွာ ရက်စက်မှုတွေကိုအဆုံးသတ်ဖို့အတွက် မိမိတို့ကိုဝန်းရံကူညီပေးဖို့နဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုအောက်ကနေ လွတ်မြောက်ဖို့ကူညီပေးဖို့ ဆက်လက်ရပ်တည်ပေးပါလို့ ‌တိုက်တွန်းတောင်းဆိုထားကြပါတယ်။


အာဏာသိမ်းမြန်မာစစ်အုပ်စုဘက်ကတော့ ICJစီရင်ချက်နဲ့ပတ်သက်ပြီး လက်ရှိမှာတရားဝင်တုန့်ပြန်ထုတ်ပြန်ကြေညာတာမျိုးမတွေ့ရသေးပါဘူး။


ဒါ့ပေမယ့် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ အခြားလူနည်းစုများအပါအဝင် အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေရပ်တန့်ဖို့ ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီက နိုဝင်ဘာ ၁၈ရက်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အဆိုကိုပယ်ချကြောင်းနဲ့ အဲ့ဒီဆုံးဖြတ်ချက်ပါ အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ပကတိမြေပြင်အခြေအနေကို ထင်ဟပ်ခြင်းမရှိကြောင်းဆိုပြီး စစ်အုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ နိုဝင်ဘာ ၂၀ရက်မနက်မှာ ထုတ်ပြန်ထားပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page