ICJဆုံးဖြတ်ချက်အပြီး မြန်မာစစ်သံမှူးကိုနှင်ထုတ်ပြီး လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူမယ်ဟု ဗြိတိန်ကြေညာ

အေတီ/BVJ_နိုဝင်ဘာ ၁၉၊ ၂၀၂၆

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ရဲ့ သမိုင်းဝင် စီရင်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာစစ်သံမှူးကို နိုင်ငံကနေ နှင်ထုတ်ဖို့နဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူဖို့ ကြိုးပမ်းသွားမယ့်အကြောင်း ဗြိတိသျှအစိုးရကကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။
ICJ တရားရုံးရဲ့စီရင်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့ မြန်မာစစ်အစိုးရအပေါ် လက်ရှိချမှတ်ထားတဲ့ ဗြိတိန်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် အခုလို အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်း (Ed Miliband)ကပြောကြားခဲ့ပါတယ်။
"ဒီစီရင်ချက်အရ ဒီကနေ့မှာပဲ ကျွန်တော်တို့ချက်ချင်းအရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်နေပါပြီ။ မြန်မာစစ်အစိုးရအပေါ် လက်ရှိချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် ဗြိတိန်နိုင်ငံမှာ ရှိနေတဲ့ မြန်မာစစ်သံမှူးကို နှင်ထုတ်ဖို့ အမိန့်ပေးလိုက်သလို၊ အခုစီရင်ချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကို အရေးပေါ် ခေါ်ယူဖို့လည်း တောင်းဆိုလိုက်ပါတယ်" လို့ မီလီဘန်းရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာသံရုံး ယာယီတာဝန်ခံကို ဆင့်ခေါ်သွားဖို့ စီစဉ်ထားသလို၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေဖို့အတွက် နောက်ထပ် အရေးယူဆောင်ရွက်မယ့် အစီအစဉ်တွေကိုလည်း "လာမယ့် ရက်ပိုင်းအတွင်း" ထုတ်ပြန်ကြေညာသွားမယ်လို့ သူက ဆိုပါတယ်။
"ဒီလို စက်ဆုပ်ရွံရှာဖွယ် ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှု ရှိလာစေဖို့ ဗြိတိန်အနေနဲ့ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" လို့ သူက ပြောကြားခဲ့ပြီး မြန်မာစစ်အစိုးရက ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် "ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခဲ့မှု" ကိုလည်း ရှုတ်ချခဲ့ပါတယ်။ ဗြိတိန်အနေနဲ့ ICJ နဲ့ နိုင်ငံတကာဥပဒေအပေါ် ဆက်လက်ရပ်တည် ထောက်ခံကြောင်း မီလီဘန်းက ထပ်လောင်းအတည်ပြုခဲ့ပြီး၊ မြန်မာနိုင်ငံအနေနဲ့လည်း တရားရုံးရဲ့ စီရင်ချက်ကို အပြည့်အဝ လိုက်နာရမယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး အက်ဒ် မီလီဘန်းရဲ့ အခုလို ကြေညာချက်အပေါ် Burma Campaign UK အဖွဲ့က ယနေ့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုလိုက်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်ကတည်းက မြန်မာစစ်သံမှူးကို နိုင်ငံကနေ နှင်ထုတ်ပေးဖို့ Burma Campaign UK က တောက်လျှောက် တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာစစ်တပ်ရဲ့ တာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး စိုးအောင်ဟာ လန်ဒန်တောင်ပိုင်း ၊ ဝင်းဘယ်လ်ဒန် (Wimbledon) ဒေသမှာရှိတဲ့ မြန်မာအစိုးရပိုင် အိမ်နှစ်လုံးမှာ နေထိုင်ပြီး လုပ်ငန်းတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံအတွင်းမှာ မြန်မာစစ်တပ်ရဲ့ တာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦး ရှိနေခြင်းဟာ ဗြိတိန်ရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားမှုတွေမှာ ပါဝင်ကြတဲ့ မြန်မာ့အသိုက်အဝန်းအတွက် သူတို့ရဲ့ လုံခြုံရေးနဲ့ မြန်မာနိုင်ငံထဲမှာ ကျန်ရစ်ခဲ့တဲ့ မိသားစုဝင်တွေရဲ့ အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
"လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ထားတဲ့ စစ်တပ်က တာဝန်ထမ်းဆောင်ဆဲ အရာရှိတစ်ဦးကို ဗြိတိန်နိုင်ငံမှာ ဆက်လက်နေထိုင်ခွင့် မပြုသင့်ပါဘူး။ အခုလို နှင်ထုတ်လိုက်တာဟာ အလွန်တရာမှ ကြိုဆိုရမယ့် ကိစ္စဖြစ်သလို၊ ဗြိတိန်ရောက် မြန်မာ့အသိုက်အဝန်းကိုလည်း ပိုပြီး လုံခြုံစိတ်ချမှု ရှိစေပါတယ်" လို့ Burma Campaign UK အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ အန်နာရောဘတ်စ် (Anna Roberts) က ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူသွားမယ်ဆိုတဲ့ ကြေညာချက်ကိုလည်း Burma Campaign UK က ကြိုဆိုလိုက်ပြီး၊ လုံခြုံရေးကောင်စီကို အစီရင်ခံ တင်ပြရာမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေနဲ့ ရိုဟင်ဂျာ ကိုယ်စားလှယ်တွေ မဖြစ်မနေ ပါဝင်လာဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။ မကြာသေးတဲ့ နှစ်တွေအတွင်းမှာ ကောင်စီကို အဓိကအားဖြင့် အထူးကိုယ်စားလှယ်တွေနဲ့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေကသာ အစီရင်ခံ တင်ပြခဲ့ကြတာကြောင့် နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေအပေါ် အာရုံစိုက်မှု နည်းပါးခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကနေ ICJနဲ့ ရှေ့ဆက်ပူးပေါင်းတော့မည်မဟုတ်ကြောင်းကြေညာထားတဲ့အတွက် တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အတင်းအကျပ် အကောင်အထည်ဖော်စေမယ့် ဆုံးဖြတ်ချက်ကြမ်း တစ်ရပ်ကို လုံခြုံရေးကောင်စီမှာ တင်သွင်းရမှာဖြစ်သလို၊ မြန်မာပြည်သူတွေကို ကာကွယ်နိုင်ဖို့ စစ်တပ်ရဲ့ ငွေကြေးနဲ့ လက်နက်လမ်းကြောင်းတွေကို ဖြတ်တောက်မယ့် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ပုံမှန် ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း Burma Campaign UK က တိုက်တွန်းထားပါတယ်။




Comments