top of page

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု ဇန်နဝါရီလအတွင်း အိုင်စီဂျေမှာကြားနာစစ်ဆေးမယ်

  • Writer: BVJ
    BVJ
  • Dec 22, 2025
  • 1 min read

အေတီ/BVJ_ ဒီဇင်ဘာ ၂၀၊ ၂၀၂၅

မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့စွပ်စွဲထားတဲ့အမှုကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာမှုပြုလုပ်ဖို့ရှိကြောင်း ကုလသမဂ္ဂရဲ့အမြင့်ဆုံးတရားရုံး အိုင်စီဂျေက သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။


ဂါဇာစစ်ပွဲအတွင်းကကိစ္စတွေနဲ့ပတ်သက်ပြီး အစ္စရေးနိုင်ငံကို တောင်အာဖရိကနိုင်ငံက အိုင်စီဂျေမှာစွပ်စွဲထားတဲ့အမှုရှိနေတဲ့အတွက် မြန်မာကိစ္စအပေါ် ဆုံးဖြတ်မယ့်ဆုံးဖြတ်ချက်က တောင် အာဖရိက-အစ္စရေး အမှု အပေါ် သက်ရောက်မှု ရှိလာနိုင်ပါတယ်။


အမှုတရားလို ဂမ်ဘီယာက ဇန်နဝါရီ ၁၂ရက်ကနေ ၁၅ရက်အတွင်း အမှု လျှောက်လဲချက်ပေးရမှာဖြစ်ပြီး၊ ဂျီနိုဆိုက်အမှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ကိုငြင်းဆိုထားတဲ့ မြန်မာစစ်တပ်ဖက်က ဇန်နဝါရီ ၁၆ရက်ကနေ၂၀ရက်အတွင်း ခုခံ ချေပခွင့်ရရှိမှာဖြစ်ပါတယ်။


ဂမ်ဘီယာနိုင်ငံက ICJ နိုင်ငံတရားရုံးမှာ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားပါတယ်။အခုကြားနာမှုမှာ ထူးခြားတဲ့လုပ်ဆောင်ချက်တစ်ခုအနေနဲ့ ကမ္ဘာ့တရားရုံးလို့လူသိများတဲ့ ICJတရားရုံးမှာသက်သေတွေကို သုံးရက်တာကြားနာမှုဖြစ်ပြုလုပ်မှာဖြစ်ပြီး အဲ့ဒီကြားနာမှုကို ပရိသတ်မပါဘဲ တံခါးပိတ်ကျင်းပမှာ ဖြစ်ပါတယ်။


ရိုဟင်ဂျာ ၇၃၀,၀၀၀ကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမောင်းထုတ်ခဲ့တဲ့ ၂၀၁၇ခုနှစ် မြန်မာစစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုဟာ “လူမျိုးတုံးသတ်ဖြတ်မှု”ကိစ္စထဲမှာအကျုံးဝင်နေတယ်လို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ကောက်ချက်ချထားပါတယ်။


ကုလသမဂ္ဂရဲ့တွေ့ရှိချက်တွေဟာ "ဘက်လိုက်မှု၊ ချို့ယွင်းချက်မှု" ရှိတယ်ဆိုပြီး မြန်မာစစ်တပ်ဘက်ကပယ်ချခဲ့ပြီး၊သူတို့က ရိုဟင်ဂျာသူပုန်တွေကိုပဲ တိုက်ခိုက်ဖို့ရည်ရွယ်တာဖြစ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။


နာဇီတွေက ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ် ဖြစ်ပွားခဲ့အပြီးမှာပြဋ္ဌာန်းခဲ့တဲ့ ၁၉၄၈ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗင်းရှင်းအောက်ကနေ ဂမ်ဘီယာကတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။မြန်မာနဲ့ဂမ်ဘီယာ နှစ်နိုင်ငံစလုံးဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုး သဘောတူထားတဲ့နိုင်ငံတွေဖြစ်ပြီး အဲ့ဒီကွန်ဗင်းရှင်းအရ ကုလသမဂ္ဂတရားရုံးICJကို တရားစီရင်ပိုင်ခွင့်ပေးအပ်ထားပါတယ်။


အခုကျင်းပမယ့်ကြားနာပွဲဟာ အမှုရဲ့ "ပင်မအချက်အလက်များ"ကို စစ်ဆေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံကလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိဆိုတဲ့ အဓိကစွပ်စွဲချက်ကို စတင်စစ်ဆေးမယ့်အဆင့်ဖြစ်ပါတယ်။


၁၉၄၈ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗင်းရှင်းပြဌာန်းပြီးနောက်ပိုင်း အိုင်စီဂျေတရားရုံးက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲအရေးယူခဲ့တာဟာ ဘော့စနီးယားဆာ့ဘ်တပ်တွေက ၁၉၉၅ ခုနှစ်စစ်ပွဲမှာ မွတ်စလင်အမျိုးသားတွေနဲ့ မွတ်စလင်ယောင်္ကျားလေး ၈၀၀၀ ခန့်ကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ အမှုတစ်ခုပဲရှိပါသေးတယ်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်နေ့ ICJ ကြားနာပွဲဖွင့်ပွဲနေ့မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေကိုတွေ့ရစဥ်
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်နေ့ ICJ ကြားနာပွဲဖွင့်ပွဲနေ့မှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်တွေကိုတွေ့ရစဥ်

မြန်မာစစ်တပ်ကို တရားစွဲအရေးယူဖို့ကြိုးစားနေတဲ့ ဒီအမှုမှာ ICJရဲ့ တွေ့ရှိချက်တွေက အနာဂတ်လူမျိုးတုံးသတ်ဖြတ်မှုအမှုတွေအတွက် အရေးကြီးလာနိုင်ပြီး၊ ကနေဒါ၊ ယူကေ၊ ဂျာမဏီ၊ နယ်သာလန်၊ ပြင်သစ်၊ ဒိန်းမတ်၊ မော်လ်ဒိုက် အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံက ဂမ်ဘီယာဘက်ကနေ ကြားဖြတ်ပါဝင်ပေး ဖို့ တရားရုံးကခွင့်ပြုထားပြီးဖြစ်တဲ့အတွက် အမှုပိုမိုကျယ်ပြန့်လာဖို့ ရှိနေပြီး နိုင်ငံတကာရဲ့ဖိအား ပိုများလာမယ့်အခြေအနေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။


အိုင်စီဂျေတရားရုံးအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး အချက်အ လက်ကောက်ယူတဲ့နေရာမှာ သေဆုံးတဲ့အရေအတွက်ကိုပဲ အာရုံစိုက်နေတာမျိုးမဟုတ်ဘဲ အတင်းအကျပ် ရွှေ့ပြောင်းခံရမှု၊ ကလေးသူငယ်တွေအပေါ် ရာဇဝတ်မှုကျူးလွန်မှု၊ လိင်ပိုင်းဆိုင်ရာတွေနဲ့ ကျားမခွဲခြားမှုအပေါ် အခြေခံတဲ့ ရာဇဝတ်မှုတွေကိုပါ အချက်အလက်က်အနေနဲ့ ထည့်သွင်းကောက်ယူသင့်ကြောင်း ကြားဖြတ်ဝင်စွက်ခွင့်ရထားတဲ့နိုင်ငံတွေက ပြောနေပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ICJ မှာ မြန်မာကိုယ်စားလှယ်အသစ် ဖြစ်လာ
အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ICJ မှာ မြန်မာကိုယ်စားလှယ်အသစ် ဖြစ်လာ

အာဏာသိမ်းစစ်အုပ်စုကတော့ ၂၀၁၉ ခုနှစ်က နယ်သာလန်၊သည်ဟိဂ်အထိ ဒီအမှုကိုသွားရောက်ရင်ဆိုင်ခဲ့တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုအကျဥ်းချထားပြီး ဦးကိုကိုလှိုင်နဲ့ ဒေါက်တာသီတာဦးတို့ဦးဆောင်တဲ့ ၁၅ဦးကိုယ်စားလှယ်အဖွဲ့ကို အိုင်စီဂျေတရားရုံးမှာအမှုရင်ဆိုင်ဖို့ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလက စေလွှတ်ခဲ့ပါသေးတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page