အဖွဲ့ဝင်တချို့ မြန်မာနဲ့ ဆက်ဆံရေး တိုးမြှင့်လာလို့ အာဆီယံ အကျပ်အတည်း ဆိုက်နေ


သူရ/BVJ
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ တွေ့ဆုံကြတဲ့အခါ မြန်မာနိုင်ငံကို အစည်းအဝေး တွေကနေ ဖယ်ကြဉ်ထားတဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ကြဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့ကြားကပဲ ထိုင်းနဲ့ တခြား အာဆီယံအဖွဲ့ဝင် နိုင်ငံတချို့ဟာ မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လုပ်ဆောင်လာကြပါတယ်။ ဒီအခြေအနေကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံ အဆင့်မြင့် အစည်းအဝေးတွေ တက်ရောက်ခွင့် ငါးနှစ်ကြာ ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးဖို့ လာမယ့် ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးကြဖို့ ဖြစ်လာတာပါ။
၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ရွေးကောက်ခံ အစိုးရကို အာဏာသိမ်း ဖြုတ်ချခဲ့ပြီးနောက် နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ရာကနေ လူပေါင်း တစ်သိန်းကျော် သေဆုံးခဲ့ရပါတယ်။ ဒီလို အကျပ်အတည်းတွေထဲ နစ်မွန်းနေတဲ့အပြင် အာဏာသိမ်းပြီးနောက် သဘောတူညီခဲ့တဲ့ ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus) ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် မြန်မာ စစ်ခေါင်းဆောင်တွေ ကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေနဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းထားပြီး အင်အားကောင်းတဲ့ အတိုက်အခံ မရှိတဲ့ အခြေအနေမှာ စစ်တပ်ကျော ထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အပြတ်အသတ် အနိုင်ရခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီ ရွေးကောက်ပွဲတွေ အပြီးမှာတော့ အခြေအနေတွေ ပြောင်းလဲလာပါတယ်။ အာဆီယံ အဖွဲ့ဝင် ၁၁ နိုင်ငံထဲက ထက်ဝက်နီးပါးဟာ မြန်မာနဲ့ နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုတွေ တိုးမြှင့်လာခဲ့ကြပြီး၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ မလေးရှားနိုင်ငံတို့ဟာ ၂၀၂၆ ခုနှစ်အတွင်း တရားဝင် ခရီးစဉ်တွေအဖြစ် လာရောက်တဲ့ မင်းအောင်လှိုင်ကို ကြိုဆိုလက်ခံခဲ့ကြပါတယ်။
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) က မြန်မာနိုင်ငံကို အာဆီယံ အဖွဲ့အစည်းထဲ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ အောက်တိုဘာလမှာ ကတိပြုခဲ့သလို၊ ထိုင်းနိုင်ငံကလည်း အခုဆိုရင် ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့ ပွင့်ပွင့်လင်းလင်း တောင်းဆိုနေပါပြီ။
ထိုင်းနိုင်ငံ အနေနဲ့ကတော့ နောက်ထပ် ခြေလှမ်းအဖြစ် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အဆင့် အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်ခွင့် ပေးဖို့ လိုအပ်တယ်လို့ ယုံကြည်ပါတယ်" လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကတ်ကဲအို (Sihasak Phuangketkeow) က နိုဝင်ဘာ ၁၂ ရက်နေ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ လုံလောက်တဲ့ တိုးတက်မှုတွေ ရှိလာမယ်ဆိုရင် ထိုင်းနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမယ့် ၂၀၂၈ ခုနှစ် နောက်ဆုံးထားပြီး မြန်မာနိုင်ငံ ပါဝင်ခွင့်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်နိုင်လိမ့်မယ်လို့လည်း သူက မျှော်လင့်ထားပါတယ်။
အခုလို ထိတွေ့ဆက်ဆံတာဟာ အာဆီယံရဲ့ စိုးရိမ်ပူပန်မှုတွေကို တကယ်တမ်း ဆုံးဖြတ်ချက် ချမှတ်နိုင်သူတွေဆီ တိုက်ရိုက် ပြောကြားနိုင်ဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ဟာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ အားလုံးရဲ့ သဘောထားအပေါ်မှာပဲ မူတည်တယ်လို့လည်း သူက အလေးအနက် ပြောကြားခဲ့ပါတယ်။

သီးခြား သံတမန်ရေးရာ လမ်းကြောင်းများ
အခုလို ပြောင်းလဲလာတဲ့ ချဉ်းကပ်ပုံတွေဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် အပေါ် ဖိအားဖြစ်စေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒီသဘောတူညီချက်ထဲမှာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးနဲ့ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံနိုင်မယ့် အထူးကိုယ်စားလှယ်ကတစ်ဆင့် ကြားဝင်စေ့စပ်ရေးတို့ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။
လာမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေဟာ ဒီဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ထားတဲ့ ညှိနှိုင်းသဘောတူညီချက် စာတမ်းတစ်စောင် ထုတ်ပြန်သွားမယ်လို့ ဖိလစ်ပိုင်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါမနစ် ဇေဗီယာ အင်ပီရီရယ် (Dominic Xavier Imperial) က နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အခုဆိုရင် ဘုံသဘောတူညီချက် ၅ ချက်ဟာ လက်ရှိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေရဲ့ နောက်မှာ ကျန်ရစ်ခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ်" လို့ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပညာရှင် သီတီနန် ပွန်ဆူဒီရက် (Thitinan Pongsudhirak) က ပြောပါတယ်။
လက်တွေ့ အကောင်အထည်ဖော်မှုမှာလည်း တိုးတက်မှု အနည်းငယ်သာ ရှိပါသေးတယ်။ ပြည်တွင်းစစ် ဆက်ဖြစ်နေဆဲဖြစ်ပြီး လူသန်းပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးနေရဆဲ ဖြစ်သလို၊ တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းဆီ ခေါ်ဆောင်ဖို့ ကြိုးပမ်းမှုတွေကလည်း ထူးခြားတဲ့ ရလဒ် မထွက်သေးပါဘူး။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ မြန်မာ့လူထုခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကို စစ်တပ်က ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲ အပြီး ဧပြီလမှာ နေအိမ်အကျယ်ချုပ်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ ဩဂုတ်လတုန်းက ကြက်ခြေနီ တာဝန်ရှိသူ တစ်ဦးကို သူမနဲ့ တွေ့ဆုံခွင့် ပေးခဲ့ပေမဲ့ တောင်းဆိုမှုတွေ ရှိနေတဲ့ကြားကပဲ ဘယ်နိုင်ငံခြား ခေါင်းဆောင် ဒါမှမဟုတ် အာဆီယံ အထူးကိုယ်စားလှယ်ကိုမှ တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။
ထိုင်းနိုင်ငံကတော့ သူ့နယ်စပ်တစ်လျှောက်မှာ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ကူညီဆောင်ရွက်ပေးဖို့ အကြိမ်ကြိမ် ကမ်းလှမ်းထားပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ကတော့ မြန်မာဘက်က ဘယ်ဆွေးနွေးပွဲကိုမဆို ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖို့ မူအားဖြင့် သဘောတူထားပေမဲ့ ရက်အတိအကျတော့ မပေးသေးဘူးလို့ ဆိုပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို (Theresa Lazaro) ဟာ အောက်တိုဘာလတုန်းက လူသားချင်းစာနာမှုဆိုင်ရာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးနဲ့အတူ နှစ်စဉ် ပြောင်းလဲနေတဲ့ အထူးကိုယ်စားလှယ်ရဲ့ အခန်းကဏ္ဍ အပေါ်မှာလည်း မေးခွန်းထုတ် စစ်ဆေးမှုတွေ ရှိနေပါတယ်။
"မြန်မာဘက်က အထူးကိုယ်စားလှယ် ဆိုတဲ့ ရာထူးကို လုံးဝ ဖျက်သိမ်းပစ်ချင်နေတာပါ" လို့ အမည်မဖော်လိုတဲ့ အရှေ့တောင်အာရှ သံတမန် တစ်ဦးက ပြောကြားခဲ့ပါတယ်။ လက်ရှိ ဆွေးနွေးမှုတွေထဲမှာ အမြဲတမ်း အထူးကိုယ်စားလှယ် တစ်ဦး ခန့်အပ်ဖို့ ကိစ္စတွေလည်း ပါဝင်နေပြီး၊ "ဒါပေမဲ့ ဒီနည်းလမ်း နှစ်ခုထဲက ဘယ်တစ်ခုကိုမှ ဘုံသဘောတူညီချက် မရဘူးဆိုရင်တော့ လက်ရှိ အခြေအနေအတိုင်းပဲ ဆက်ရှိနေမှာပါ" လို့ အဲ့ဒီသံတမန်က ဆိုပါတယ်။
အာဆီယံ စည်းလုံးညီညွတ်မှုကို စမ်းသပ်ခြင်း
ထိုင်းနိုင်ငံရဲ့ တက်ကြွတဲ့ ထိတွေ့ဆက်ဆံမှုဟာ ကုန်သွယ်ရေး၊ ရွှေ့ပြောင်းအလုပ်သမား အရေးနဲ့ စွမ်းအင် ပူးပေါင်းဆောင်ရွက်ရေးတွေ အပြင် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ရှည်လျားလှတဲ့ ကုန်းတွင်းနယ်စပ်ကို ဖြတ်ကျော်ပြီး တိုက်ပွဲတွေ ကူးစက်လာမှာကို စိုးရိမ်ပူပန်မှုတွေကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ ထိုင်းအစိုးရရဲ့ "ချိန်ဆထားတဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှု" ဟာ တခြား အာဆီယံ နိုင်ငံတွေကိုပါ အလားတူ လိုက်လုပ်ဖို့ ဖိအားဖြစ်စေခဲ့တယ်လို့ သီတီနန် က ပြောပါတယ်။ ဒီအခြေအနေကြောင့် ၂၀၂၇ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် စင်ကာပူနိုင်ငံ အနေနဲ့ မတူကွဲပြားတဲ့ ချဉ်းကပ်မှုတွေကို ပြန်လည်ညှိနှိုင်းပေးရမယ့် အနေအထား ဖြစ်သွားစေတယ်လို့ သူက ဆိုပါတယ်။
"ဒါဟာ ဘာကန့်သတ်ချက်မှ မရှိဘဲ လုပ်ချင်ရာလုပ်ခွင့် ပေးလိုက်သလို မဖြစ်သင့်ပါဘူး။ အကန့်အသတ်မရှိ လက်ခံကြိုဆိုပြီး အသိအမှတ်ပြုတာမျိုး မဖြစ်သင့်ပါဘူး" လို့ သူက ပြောကြားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ လူသားချင်းစာနာမှု အကူအညီ ဝင်ရောက်ခွင့် ပေးရေးနဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေး စတဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ထားရှိဖို့ တိုက်တွန်းခဲ့ပါတယ်။
Human Rights Watch အဖွဲ့ကလည်း ကန့်သတ်ချက်တွေကို ဆက်လက်ထားရှိဖို့နဲ့ ချိုးဖောက်မှုတွေ ရပ်တန့်ပြီး အရပ်သားအုပ်ချုပ်ရေးဆီ အသွင်ကူးပြောင်းရေး လုပ်ဆောင်လာအောင် စစ်တပ်အပေါ် ဖိအားတွေ တိုးမြှင့်ပေးဖို့ အာဆီယံကို တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံချင်း ဆက်ဆံရေး နွေးထွေးလာရုံနဲ့ အာဆီယံရဲ့ မူဝါဒ အလိုအလျောက် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ စင်ကာပူ နိုင်ငံတကာရေးရာ အင်စတီကျု ဥက္ကဋ္ဌ ဆိုင်မွန် တေး (Simon Tay) က ပြောပါတယ်။ အဖွဲ့ဝင်နိုင်ငံ အားလုံးက တခြားနည်းလမ်းတစ်ခုခုကို စုပေါင်းသဘောတူညီမှု မရမချင်း လက်ရှိ ဘုံသဘောတူညီချက်အတိုင်း ဆက်ရှိနေမှာ ဖြစ်ပါတယ်။
"ဒီမတူညီတဲ့ ချဉ်းကပ်ပုံတွေဟာ ဘုံသဘောတူညီချက် ၅ ချက်မူဘောင်အတွင်းမှာပဲ ရှိနေမယ်ဆိုရင် အာဆီယံအတွင်းမှာ အပျော့ဆွဲနဲ့ အမာကိုင် နှစ်မျိုးစလုံး ကျင့်သုံးဖို့ နေရာရှိပါတယ်။ မဟုတ်ရင်တော့ မြန်မာဘက်က တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား သွေးခွဲအသုံးချသွားတာမျိုး ဖြစ်သွားနိုင်ပါတယ်" လို့ သူက ဆိုပါတယ်။
ဆိုင်မွန် တေး က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံမှန် တွေ့ဆုံခွင့် ရရှိရေး၊ အကြမ်းဖက်မှု လျှော့ချရေးနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး စတဲ့ ကြားကာလ ရည်မှန်းချက်တွေ ထားရှိဖို့ အကြံပြုပါတယ်။
"အာဆီယံ အနေနဲ့ အချိန်မတန်သေးဘဲ အလျင်စလို မလုပ်ဘဲနဲ့ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံရေးအရ လက်ခံအသိအမှတ်ပြုမှု ဆိုတာ တိုးတက်မှု ရှိလာပြီးမှ နောက်က လိုက်ရမှာပါ၊ တိုးတက်မှု မရှိခင် ကြိုတင်ပေးရမယ့် အရာ မဟုတ်ပါဘူး" လို့ သူက ပြောကြားခဲ့ပါတယ်။
ခရက်ဒစ် - The Straits Times




Comments