ICEကဖမ်းဆီးခဲ့တဲ့ ကရင်တိုင်းရင်းသူ မအယ်ဒို့လားပြန်လွတ်လာ
- BVJ

- Jan 27
- 1 min read
ယူဂရင်း/BVJ_ဇန်နဝါရီ ၂၇၊ ၂၀၂၆

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်မှာ အမေရိကန်လူဝင်မှုကြီးကြပ်ရေးအေဂျင်စီ (ICE)အဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့ ကရင်အမျိုးသမီး မအယ်ဒို့လားဟာဒီနေ့မှာပြန်လွတ်လာပြီလို့ အမေရိကန်ရောက်မြန်မာတွေဆီကသိရပါတယ်။
မအယ်ဒို့လားဟာ အခုလ ဇန်နဝါရီ ၁၀ရက်မှာသူ့ရဲ့နေအိမ်ကနေဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး မှားယွင်းဖမ်းဆီးမိတာကြောင့် ဒီနေ့နေ့လယ်မှာပြန်လည်လွတ်မြောက်လာတာဖြစ်ပါတယ်။
မအယ်ဒို့လားကို ၁၀ရက်နေ့ကဖမ်းဆီးပြီး Texasပြည်နယ်ရှိလူဝင်မှုကြီးကြပ်ရေးထောင်ကို ပို့ဆောင်ခဲ့ကြောင်းနဲ့ ၁၆ရက်ကြာထိန်းသိမ်းခံရပြီးနောက် ဒီနေ့ နေ့လယ်တစ်နာရီခန့်အချိန်မှာ ပြန်လွှတ်ပေးလိုက်ကြောင်းကို အမေရိကန်ရောက် မြန်မာပြည်သားတွေအကြောင်းဖော်ပြပေးနေတဲ့ The Burmese Americanပေ့ချ်ကလည်း ဒီနေ့မှာဖော်ပြပါတယ်။
မအယ်ဒို့လားတို့မိသားစုဟာ ၂၀၂၄ နိုဝင်ဘာလမှာ နယ်စပ်ကနေတဆင့် Refugee (ဒုက္ခသည်)အဖြစ် အမေရိကန်နိုင်ငံတွင်းကို တရားဝင်ရောက်လာသူတွေဖြစ်ကြပြီး Green Card လျှောက်ထားဆဲ (လက်ဗွေနှိပ်ပြီး) အဆင့်ရှိသူများဖြစ်သလို ရာဇဝတ်မှုလည်းကင်းရှင်းကြောင်းနဲ့ ICEကဝင်ရောက် စစ်ဆေးချိန်မှာ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ချက်ချင်းထုတ်မပြနိုင်ခဲ့တာကြောင့် အခုလိုဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။
ဒါကြောင့် မြန်မာမိသားစုတွေအနေနဲ့လည်း မိမိရဲ့တရားဝင်စာရွက်စာတမ်းတွေကို အာဏာပိုင်တွေမေးမြန်းပါက ချက်ချင်းပြနိုင်ဖို့အတွက်အမြဲအဆင်သင့်ပြင်ဆင်ထားကြဖို့ကိုလည်း The Burmese American ကသတိပေးထားပါတယ်။

ပြန်လွတ်လာပေမယ့် မအယ်ဒို့လားဟာ လက်ရှိမှာTexasပြည်နယ်မှာသာရှိနေသေးတယ်လို့လည်း သိရပါတယ်။ သူအဖမ်းခံလိုက်ရချိန်မှာ ငါးလအရွယ်မွေးကင်းစကလေးငယ်အပါအဝင် မိသားစု(၆)ဦးကျန်ရစ်ခဲ့တာဖြစ်ပါတယ်။
ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေးအေးဂျင့် ICE တပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် အခုလ ၂၄ရက်ကလည်း အသက် ၃၇ နှစ်အရွယ် Alex Pretti ဆိုတဲ့ အမေရိကန်နိုင်ငံသားသူနာပြုတစ်ဦးသေဆုံးသွားခဲ့သလို ဇန်နဝါရီ ၇ ရက်နေ့ကလည်း အမေရိကန်နိုင်ငံသူ ရီနေးဂွတ် (Renee Good)ဆိုတဲ့အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
မင်နီဆိုးတားပြည်နယ်၊ မင်နီယာပိုလစ်မြို့မှာ ICE အဖွဲ့လက်ချက်ကြောင့် နှစ်ပတ်ကျော်အတွင်း အမေရိကန်နိုင်ငံသားနှစ်ယောက် သေဆုံးသွားခဲ့ပြီဖြစ်တာကြောင့် ICEအဖွဲ့ရဲ့ဖမ်းဆီးစစ်ဆေးမှုတွေကို အမေရိကန်ရောက်မြန်မာတွေအပါအဝင် စိုးရိမ်ထိတ်လန့်မှုတွေရှိနေကြတာဖြစ်ပါတယ်။







Comments