အိုင်စီစီကအလိုရှိနေတဲ့ ဖိလစ်ပိုင်ရဲချုပ်ဟောင်း ပုန်းနေတဲ့အထက်လွှတ်တော်အဆောက်အဦးအတွင်းမှာ သေနတ်ပစ်ခတ်မှုဖြစ်ပွား
- BVJ

- May 14
- 1 min read
BVJ_မေ ၁၃၊ ၂၀၂၆

ဖိလစ်ပိုင်အထက်လွှတ်တော်အတွင်းမှာ သေနတ်ပစ်ခတ်မှုတွေ ဒီနေ့ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC)ကအလိုရှိနေတဲ့ ရဲချုပ်ဟောင်း အထက်လွှတ်တော်အမတ် ရော်နယ်လ် ဒီလာရိုဆာကိုဖမ်းဆီးဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အဆောက်အဦးအတွင်းဝင်ရောက်လာချိန်မှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာပါ။
ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ လူထောင်နဲ့ချီသေဆုံးခဲ့တဲ့ "မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ"ကို အဓိကအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သူ ဒီလာရိုဆာကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC)က တနင်္လာနေ့မှာဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါတယ်။
တနင်္လာနေ့က ဒီလာရိုဆာ လွှတ်တော်ထဲရောက်လာချိန်မှာ အိုင်စီစီကဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် ရှောင်တိမ်းသွားနိုင်ခဲ့ပြီး အခုအချိန်ထိ လွှတ်တော်အတွင်းမှာ ပုန်းအောင်းနေတယ်လို့ သိရပါတယ်။

အသက် ၆၄နှစ်ဒီလာရိုဆာကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ရုံးတင်စစ်ဆေးဖို့ အိုင်စီစီကဖမ်းဝရမ်းထုတ်ပြန်ထားပြီး ဒီလာရိုဆာရဲ့ ဆရာ အသက် ၈၁နှစ် သမ္မတဟောင်းဒူတာတေးဟာလည်း အလားတူစွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ်ကအိုင်စီစီတရားရုံးမှာ ရုံးတင်စစ်ဆေးခံနေရပါတယ်။
တနင်္လာနေ့ကတည်းက အထက်လွှတ်တော်အဆောက်အဦးထဲမှာပုန်းနေရတဲ့ ဒီလာရိုဆာက အကူအညီတောင်းခံနေပြီး နောက်ထပ်ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ကို သည်ဟိဂ်တရားရုံးခေါ်သွားတာမျိုးအဖြစ်မခံကြပါနဲ့လို့ ပြောနေပါတယ်။

နိုင်ငံတကာရာဇ၀တ်မှုတရားရုံးကအလိုရှိနေတဲ့ ထိပ်တန်းအထက်လွှတ်တော်အမတ်ကိုဖမ်းဆီးဖို့ကြိုးပမ်းမှုကြောင့် ဖိလစ်ပိုင်အထက်လွှတ်တော်ရှေ့မှာ ရဲတွေစုဝေးနေကြတယ်လို့ ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။




Comments