ထိုင်း၊မူကြိုကျောင်းအတွင်းက ဆရာမကို ခင်ပွန်းရဲအရာရှိကသေနတ်နဲ့ပစ်သတ်

လက်နက်ချဖို့ညှိနှိုင်းနေဆဲ
ယူဂရင်း/BVJ_စက်တင်ဘာ ၉၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ချွန်ဘူရီပြည်နယ် ဘန်လမုန်ခရိုင်အတွင်းက Nong Pla Lai ဒေသရှိ မူကြိုကျောင်းအတွင်းမှာ ဆရာမတစ်ဦးဟာ ဒီနေ့ စက်တင်ဘာ ၉ရက်မနက်မှာသေနတ်နဲ့ပစ်ခံရပြီးသေဆုံးခဲ့ပါတယ်။
အသက် ၄၈နှစ်အရွယ် ဆရာမကိုပစ်သတ်သူဟာ ခင်ပွန်းဖြစ်သူရဲအရာရှိဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ ရဲအရာရှိက ဆရာမနဲ့စကားပြောပြီးချိန်မှာ သေနတ်နဲ့တချက်ပစ်လိုက်တာကြောင့် နေရာမှာပဲဆရာမကပွဲချင်းပြီးသေဆုံးသွားပြီး ခင်ပွန်းဖြစ်သူဟာကားနဲ့နေအိမ်ကိုပြန်သွားခဲ့ပါတယ်။ အဲ့ဒီနောက်ရဲတပ်ဖွဲ့ကအိမ်ကိုဝိုင်းထားပြီး သေနတ်ချဖို့ကိုစည်းရုံးနေတယ်လို့ သိရပါတယ်။

ပစ်ခတ်မှုအတွင်း မူကြိုကျောင်းအတွင်းက ကလေးတွေ ၄၄ယောက်လုံးထိခိုက်မှုမရှိခဲ့ဘဲ ဖြစ်စဉ်ဖြစ်ပြီးနောက်မှာ ကျောင်းကိုပိတ်လိုက်ပြီး ကလေးတွေကိုအိမ်ကိုပြန်ခေါ်ဖို့ခွင့်ပြုခဲ့တယ်လို့ရဲအရာရှိတွေကပြောထားပါတယ်။

ထိုင်းမှာ ပြီးခဲ့တဲ့သြဂုတ်လကလည်း ကျောင်းတွင်းသေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သူကျောင်းသားနဲ့ဆရာ၊ဆရာမတွေအပါအဝင် ၉ ဦးသေဆုံးခဲ့ပြီးနောက် သေနတ်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်ပြီး တင်းကြပ်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဓါတ်ပုံ-Nong Pla Laiဒေသရှိ မူကြိုကျောင်းအတွင်း ၂၀၂၆၊စက်တင်ဘာ ၉ရက်မှာ သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပြီးနောက် မြင်တွေ့ရပုံ။


Comments