တော်လှန်ရေးအင်အားစု ၇ ခုရဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်ပထမမူကြမ်း အတည်ပြု
- BVJ

- 11 minutes ago
- 1 min read
စစ်အုပ်စုနဲ့တွေ့ဆုံဆွေးနွေးရေးရှိလာခဲ့ရင် တော်လှန်ရေးအင်အားစုတွေကြားအရင်တိုင်ပင်ရေး ပါဝင်
မိုနာ/BVJ_ဇူလိုင် ၃၀၊ ၂၀၂၆

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အပါအဝင် စစ်ကိုင်း၊မန္တလေးဖက်ဒရယ်ယူနစ်တွေကသဘောတူအတည်ပြုထားတဲ့ Common Political Agreement (CPA) - ဘုံနိုင်ငံရေးသဘောတူညီချက် ပထမမူကြမ်းကိုအတည်ပြုထုတ်ပြန်လိုက်ပါတယ်။
CPAပထမမူကြမ်း သဘောတူအတည်ပြုတဲ့အခမ်းအနားကို ဒီနေ့ ဇူလိုင် ၃၀ရက်မှာ ထိုင်းနိုင်ငံ၊မဲဆောက်မြို့မှာပြုလုပ်ခဲ့ပါတယ်။
CPAပထမမူကြမ်းရဲ့ တော်လှန်ရေးဆိုင်ရာသဘောတူညီချက်တွေထဲမှာ တော်လှန်ရေးအင်အားစုအချင်းချင်းကြားဖြစ်ပွားတဲ့ အမြင်မတူမှုတွေကို ငြိမ်းချမ်းတဲ့တွေ့ဆုံဆွေးနွေးရေးနည်းလမ်းတွေနဲ့သာ ဖြေရှင်းဆောင်ရွက်သွားကြဖို့၊ တစုတဖွဲ့၊ နယ်မြေဒေသတခု လွတ်မြောက်ရေးအတွက်သာမဟုတ်ဘဲ တနိုင်ငံလုံးလွတ်မြောက်တဲ့အထိ တပြိုင်ထဲအတူတကွပူးပေါင်းတိုက်ပွဲဝင်သွားကြဖို့၊ စစ်အုပ်စုနဲ့နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရမယ့်ကိစ္စရပ်တွေရှိလာခဲ့ရင် ဒီဘုံနိုင်ငံရေးသဘောတူညီချက်အပေါ် အခြေခံပြီး တော်လှန်ရေးအင်အားစုတွေအကြားဆွေးနွေးတိုင်ပင်သဘောထားယူပြီးမှသာ တုံ့ပြန်ဆောင်ရွက်သွားဖို့၊ စစ်အုပ်စုနဲ့ပူးပေါင်းနေတဲ့နိုင်ငံတွေက တော်လှန်ရေးအင်အားစုတွေအပေါ် ခြိမ်းခြောက်ဖိအားပေးနေတာတွေကို ညီညီညွတ်ညွတ်ပူးပေါင်းတုံ့ပြန်ဖို့၊ ၂၀၂၀ရွေးကောက်ပွဲရလဒ်ဟာ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က နိုင်ငံရေးစနစ်ကိုအကောင်အထည်ဖော်ဖို့မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ဖို့နဲ့ ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မှုအတွက် အသိအမှတ်ပြုပြီး အပြည့်အဝစွဲကိုင်အသုံးပြုဖို့ စတာတွေ ပါဝင်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာသဘောတူညီချက်တွေထဲမှာလည်း ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေနဲ့ အဲ့ဒီထဲကပြည်သူတွေဟာအချုပ်အခြာအာဏာရဲ့ မူရင်းပိုင်ရှင်တွေဖြစ်သလို အားလုံးဟာ နိုင်ငံရေးအရတန်းတူပြီး သက်ဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြဌာန်းခွင့်ရှိကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုလုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာတပ်ဖွဲ့တွေအားလုံးဟာ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ကွပ်ကဲမှုနဲ့စီမံအုပ်ချုပ်မှုအောက်မှာရှိရပြီး လူသားလုံခြုံရေးမူဝါဒကိုကျင့်သုံးရမှာဖြစ်သလို ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးချဉ်းကပ်မှုနဲ့ ဒီကာလကနေစပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ ဦးတည်လျှောက်လှမ်းသွားရေး စတဲ့လမ်းညွှန်အခြေခံမူတွေနဲ့အညီဆောင်ရွက်သွားကြဖို့ ထည့်သွင်းထားပါတယ်။
နိုင်ငံရေးဆိုင်ရာသဘောတူညီချက်တွေထဲမှာတော့ စစ်အာဏာသိမ်းမှုကိုအပြီးတိုင်ဖယ်ရှားပြီး အနာဂတ် နိုင်ငံရေးမှာစစ်တပ်ပါဝင်မှုကိုအဆုံးသတ်ဖို့၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်အသက်သွင်းဖို့ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ဖို့၊ သက်ဆိုင်သူအစုအဖွဲ့အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဌာန်းဖို့၊ စစ်အုပ်စုရဲ့အတုအယောင်ရွေးကောက်ပွဲကပေါ်ပေါက်လာတဲ့ ဘယ်အစုအဖွဲ့ကိုမှ အသိအမှတ်မပြုဖို့၊ နိုင်ငံရေးပြဿနာတွေကိုဆွေးနွေးညှိနှိုင်းဖြေရှင်းရာမှာလည်း Bottom-up-Federalismချဉ်းကပ်မှုအရ ပြည်သူလူထုရဲ့အဆုံးအဖြတ်ကိုခံယူဖို့တို့ ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးဟာလည်း မြန်မာနိုင်ငံရဲ့လက်ရှိပြဿနာကိုဖြေရှင်းနိုင်ရေးအတွက် အလွန်အရေးကြီးတာကြောင့် သူတို့လွတ်မြောက်ရေးအတွက်ဆက်လက်ကြိုးပမ်းဖို့လည်း CPAအထွေထွေသဘောတူညီချက်ထဲမှာလည်း ပါဝင်ပါတယ်။
ဒါ့အပြင် သဘောတူညီချက်ထဲမှာ တော်လှန်ရေးလုပ်ငန်းစဉ်အဆင့်ဆင့် ဦးဆောင်မှုနဲ့ဆုံးဖြတ်ချက်ချတဲ့ ကဏ္ဍအသီးသီးမှာ အမျိုးသမီးပါဝင်မှု အနည်းဆုံး(၃၀)ရာခိုင်နှုန်းရှိစေပြီး အမျိုးသမီးတွေရပိုင်ခွင့်နဲ့ အကာအကွယ်ပေးမှုတွေကို NUCCကအတည်ပြုထုတ်ပြနထားတဲ့ ဂျဲန်ဒါရပ်တည်ချက်စာတမ်းပါ ပြဌာန်းချက်နဲ့အညီလိုက်နာကျင့်သုံးဖော်ဆောင်သွားဖို့၊ လိင်စိတ်ခံယူမှုကွဲပြားသူတွေကိုလည်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုမရှိစေရေးနဲ့ ဖိနှိပ်ခွဲခြားမှုမရှိစေရေး အာမခံဖော်ဆောင်သွားဖို့ စတာတွေပါဝင်ပါတယ်။
အခုCPAပထမမူကြမ်းကို CRPH၊NUCC၊NUG၊စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်-SFUH၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလလွှတ်တော်-SFUIG၊ မန္တလေးဒေသလွှတ်တော်-MRH၊ မန္တလေးဒေသကြားကာလ အုပ်ချုပ်ရေးကောင်စီ- MIGCစတဲ့အဖွဲ့အစည်းတွေက သဘောတူညီထားတာဖြစ်ပြီး နောက်ထပ်အင်အားစုတွေလည်း ထပ်မံပူးပေါင်းပါဝင်ကြဖို့ဖိတ်ခေါ်ထားတာကို တွေ့ရပါတယ်။
ဒီကနေပြီး တော်လှန်ရေးအင်အားစုအားလုံးပါဝင်နိုင်တဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်တစ်ရပ်ဖြစ်ပေါ်လာအောင် ဆက်လုပ်သွားမယ်လို့လည်း NUGယာယီသမ္မတဒူဝါလရှီးလက ဒီနေ့ အတည်ပြုအခမ်းအနားမှာပြောခဲ့ပါတယ်။
NUCCရဲ့ထုတ်ပြန်ချက်ထဲမှာတော့ ဒီCPAပထမမူကြမ်းဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်မှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ဖော်ပြထားပါတယ်။




Comments