top of page

ပုဂံမြို့သစ် ဂန့်ဂါရပ်ကွက် ပျူစောထီးခေါင်းဆောင်အပါအဝင် ၆ ဦးထက်မနည်းပစ်ခတ်ခံရပြီး သေဆုံး

  • Writer: BVJ
    BVJ
  • Jun 3, 2025
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၃ ၊ ၂၀၂၅


ပျူစောထီးအဖွဲ့ထံက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းအချို့ကို ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်ထားစဉ်
ပျူစောထီးအဖွဲ့ထံက သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းအချို့ကို ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်ထားစဉ်

မန္တလေးတိုင်း ညောင်ဦးမြို့နယ် ပုဂံမြို့သစ် ဂန့်ဂါရပ်ကွက် ဇရပ်မှာရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ကို ဒေသတော်လှန်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၈ ဦး သေဆုံးခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းထံက သိရပါတယ်။


ဂန့်ဂါရပ်ကွက် ပျူစောထီးခေါင်းဆောင် ကိုဇော်ဇော်ဆိုသူဟာ စစ်မှုထမ်း စစ်သားဟောင်းတစ်ဦးဖြစ်တယ်လို့ သိရပြီး ရပ်ကွက်ထိပ် ဇရပ်မှာရှိနေချိန် ထနောင်းမြေစစ်ကြောင်းနဲ့ Bagan&Nyaung-U Special Task Force က လာရောက်ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။


“သူက စစ်သားဟောင်းတပ်ထွက်တစ်ဦးလို့ သူ့အသိုင်းအဝိုင်းကနေ သိရတယ်။ ကျွန်တော်တို့ ကားနဲ့ သူ့ကို အဓိကထားလာပစ်တာ။ သူ ထိုင်တဲ့နေရာကိုလည်းသိတော့ အဲ့နေရာကို အဓိကထားပြီး လာပစ်တာ။ ပစ်ပြီးတော့ ကားကိုရှေ့နာကနေ ပြန်ကွေ့တဲ့အချိန်မှာ သူတို့ဆီက လက်ပစ်ဗုံးကွဲသံ ကြားရတာ။ ကျွန်တော်တို့ ဇရပ်ရှေ့ပြန်ရောက်တော့ အကုန်လုံးမှောက်နေပြီ” လို့ ထနောင်းမြေစစ်ကြောင်း တာဝန်ခံတစ်ဦးက Burma VJ ကို ပြောပါတယ်။


ပစ်ခတ်မှုဟာ အခု ဇွန်လ ၁ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ဇော်ဇော်ဆိုသူကို ပစ်မှတ်ထားပစ်ခတ်ခဲ့တာဖြစ်ပေမဲ့ ဇရပ်အတွင်း လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် သူနဲ့အတူရှိနေသူတွေလည်း သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြခဲ့တဲ့ ဓမ္မာရုံနေရာကို အခင်းဖြစ်ပွားပြီး တွေ့ရစဉ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြခဲ့တဲ့ ဓမ္မာရုံနေရာကို အခင်းဖြစ်ပွားပြီး တွေ့ရစဉ်။

ဂန့်ဂါရပ်ကွက်ဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားပြီး ရပ်ကွက် ဓမ္မာရုံမှာ ပဌာန်းပူဇော်ပွဲကျင်းပပြုလုပ်ဖို့ အစည်းအဝေးပြုလုပ်နေချိန် PDF တပ်ဖွဲ့ဝင် ၁၅ ဦးက လာရောက်ပစ်ခတ်သွားတာကြောင့် အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် (ဇော်ဇော်) အပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ မနေ့ ဇွန် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။


ပုဂံမြို့သစ်တောင်ပိုင်း ဟိုတယ်ဇုန် ၄ ထဲမှာရှိနေတဲ့ ဂန့်ဂါရပ်ကွက်(ဂန့်ဂါရွာ)ရှိနေတဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် (ဇော်ဇော်) ဟာ အနီးနားဝန်းကျင်ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုးချိန် ပူးပေါင်းပါဝင်လိုက်ပါသူတစ်ဦးဖြစ်တယ်လို့ ပုဂံဒေသတစ်ဦးက ပြောပါတယ်။


“သူ့ကို (ဇော်ဇော်) ကို တော်လှန်ရးအဖွဲ့တွေက ငြိုးထားကြတာ၊ အနီးနားရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးရင် သူက လိုက်လိုက်သွားတော့ ဟိုဘက်(တော်လှန်ရေး)က သူ့ကိုပစ်မှတ်ထားပြီး အခုလို လာပစ်တာဖြစ်မယ်။ ဖြစ်တဲ့အချိန် သူနဲ့အတူ တခြားသူတွေလည်းရှိနေတာ” လို့ ပုဂံဒေသတစ်ဦးက Burma VJ ကို ပြောပါတယ်။


ဂန့်ဂါရပ်ကွက် ဇရပ်မှာပစ်ခတ်မှုဖြစ်ပွားအပြီး ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ထံက ပွိုင့် ၂၂ လက်လုပ်သေနတ် တစ်လက်၊ ကာဘိုင်လက်လုပ်သေနတ် ၁ လက်၊ လက်ပစ်ဗုံး တစ်လုံး၊ ကာဘိုင်ကျည် ၁၀ တောင်၊ ပွိုင့် ၂၂ ကျည် ၆ တောင့်၊ ဆိုင်ကယ် ၂ စီးနဲ့အတူ သက်သေခံအထောက်အထားတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page