သီပေါမြို့ကို စစ်အုပ်စုပြန်ထိန်းချုပ်သွားပြီလို့ TNLAအတည်ပြု
- BVJ

- Oct 17
- 1 min read
မိုနာ/BVJ_အောက်တိုဘာ ၁၇၊ ၂၀၂၅

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAထိန်းချုပ်ထားတဲ့ ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်အတွင်းက သီပေါမြို့နယ်ကို စစ်အုပ်စုဘက်ကပြန်ထိန်းချုပ်သွားပြီလို့ TNLAပြောရေးဆိုခွင့်ရှိသူက အတည်ပြုပါတယ်။
သီပေါမြို့စစ်အုပ်စုလက်ထဲ ပြန်လည်ရောက်ရှိပြီး ထိန်းချုပ်သွားတာနဲ့ပတ်သက်ပြီး TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ”ဟုတ်ပါတယ်”လို့ Burma VJကို ဒီနေ့နေ့လယ်မှာ အတည်ပြုပါတယ်။
စစ်အုပ်စုဘက်ကလည်း သီပေါကို ဒီနေ့ အောက်တိုဘာ ၁၇ရက်မှာ အလုံးစုံပြန်သိမ်းပိုက်ထိန်းချုပ်ပြီး မိုင်းရှင်းလင်းရေးနဲ့နယ်မြေရှင်းလင်းရေးတွေပါ တပါထဲလုပ်ဆောင်နေပြီလို့ ဓါတ်ပုံတွေနဲ့အတူဖော်ပြလာကြပါတယ်။

“မနေ့ကထဲကပါသွားတာ။ ဒီနေ့မှာသူတို့(စစ်အုပ်စု)ကြိုဆိုရေးလုပ်ဖို့ကို မနေ့ထဲကပြင်နေကြတာပေါ့။ အစကမြို့ထဲမယ်တယောက်တဝက်ပုံစံမျိုးဖြစ်နေတာကနေ ဒီဘက်က ဆုတ်ပေးလိုက်တာမျိုးပေါ့”လို့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။
TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တာပန်လကတော့ မြို့ထဲကိုစစ်အုပ်စုမဝင်နိုင်အောင် TNLAအနေနဲ့တောင့်ခံထားဆဲဖြစ်ကြောင်း Burma VJကို အောက်တိုဘာ ၁၅ရက်က ပြောထားပါတယ်။
သီပေါမြို့ကို TNLAက ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းအတွင်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်ကြာထိန်းချုပ်ထားတာဖြစ်ပါတယ်။







Comments