သီပေါမြို့ထဲ စစ်အုပ်စုတပ်တွေဝင်ဖို့ကြိုးစားနေပေမယ့် အောင်မြင်မှုမရသေးလို့ TNLA ဘက်ကပြော
- BVJ

- Oct 15
- 1 min read
Updated: Oct 16
မိုနာ/BVJ_အောက်တိုဘာ ၁၅၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲခရိုင်အတွင်းရှိ သီပေါမြို့ကို စစ်အုပ်စုကထိုးစစ်ဆင်နေပြီး မြို့ထဲဝင်ဖို့ ကြိုးစားနေပေမယ့် တော်လှန်ရေးတပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့်မအောင်မြင်သေးဘူးလို့ TNLA တွဲဖက်အထွေထွေ အတွင်းရေးမှူး- ၂ ဗိုလ်မှူးကြီး တာပန်လက Burma VJ ကိုအတည်ပြုပါတယ်။
"မှန်ပါတယ်။ သူတို့မြို့ထဲကိုဝင်ဖို့ကြိုးစားနေတယ်။ ဒါပေမယ့် အခုအချိန်ထိ ကျွန်တော်တို့ TNLA တပ်တွေက တောင့်ခံနေတုန်း။ ကာကွယ်နေတုန်းပဲရှိပါသေးတယ်။ သူတို့ဝင်လို့မရသေးပါဘူး။ဝင်ခွင့်မရသေးပါဘူး"
အခု အောက်တိုဘာ ၁၃ရက်မှာ ဘော်ကြိုရွာကိုဝင်ရောက်နိုင်ခဲ့တဲ့စစ်အုပ်စုဟာ နောက်ရက်မှာ နားခဲကိုကျော်လာပြီဖြစ်တယ်လို့ သိရပါတယ်။
“နားခဲကျော်လာပြီအခုက။ မြို့နဲ့နီးနီးလေးပဲ။ လမ်းမကြီးအတိုင်းမဝင်ဘဲ တောလမ်းကနေ ပါတ်ဝင်နေတာ။ ဒီအတိုင်းဆိုရင် တခြားဘက်တွေပါပေးရနိုင်တယ်။ သီပေါရွာတွေဘက်နဲ့ မိုင်းလုံ၊ မိုင်းငေါ့မြို့။ (TNLAပူးပေါင်းတပ်တွေ)မြို့ထဲမှာတော့ မတွေ့ရတော့ဘူး”လို့ ဒေသအရေးစောင့်ကြည့်လေ့လာသူက Burma VJကို ပြောပါတယ်။
အောက်တိုဘာလအစမှာ ကျောက်မဲကိုပြန်လည်သိမ်းပိုက်ပြီးတဲ့ စစ်အုပ်စုဟာ သီပေါကိုဆက်ထိုးစစ်ဆင်ပြီးနောက် လဝက်အတွင်းမှာမြို့တွင်းရောက်လာခဲ့တာဖြစ်ပါတယ်။
သီပေါမြို့ခံစစ်ကို TNLAနဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLAတို့က တိုက်ခိုက်နေတာဖြစ်ပါတယ်။
သီပေါမြို့ကို TNLAက ၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းအတွင်းသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်ကြာထိန်းချုပ်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အခု အောက်တိုဘာ၄ရက် မနက်ပိုင်းနဲ့ညနေပိုင်းတို့မှာ သီပေါမြို့၊ မန်ဟဲရွာ၊အုန်းမုကျေးရွာ၊ ဇာတ်စုရပ်ကွက်နဲ့ကျင်သီကျေးရွာတို့ကို လေကြောင်းဗုံးကြဲချခဲ့တာကြောင့် ဒေသခံ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရှိခဲ့သလို သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းမှာလည်း သီပေါမြို့တွင်းက မိုက်ခရိုဝေ့ပ်ဆက်သွယ်ရေးထဲကို ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ဗုံးကြဲချခဲ့တာကြောင့် တစ်နှစ်ကလေးငယ်အပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စစ်အုပ်စုထောက်ခံချန်နယ်တွေမှာတော့ သီပေါမြို့တွင်းဝင်ရောက်နေကြောင်းကို ဓါတ်ပုံတွေနဲ့အတူဖော်ပြနေကြတာကိုတွေ့ရပေမယ့် သီပေါမြို့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး TNLAဘက်ကအသိပေးထုတ်ပြန်တာမျိုး မရှိသေးပါဘူး။







Comments