လူ့အခွင့်အရေးနေ့ ပါဝင်မယ့်သူတွေကို စစ်လော်ဘီတွေခြိမ်းခြောက်နေ
- BVJ

- 5 days ago
- 1 min read
ယူဂရင်း/BVJ_ ဒီဇင်ဘာ ၉၊ ၂၀၂၅

မနက်ဖြန် ဒီဇင်ဘာ ၁၀ရက်မှာကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ တနိုင်ငံလုံးရှိလူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike) ဆင်နွှဲပြီး လူထုသဘောထားနဲ့တောင်းဆိုချက် (၃)ရပ်ကိုဖော်ထုတ်တောင်းဆိုကြဖို့ သပိတ်ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားကြပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်က တောင်းဆိုထားတဲ့“လူထုသဘောထားဆန္ဒနဲ့ တောင်းဆိုချက်(၃)ရပ်” ကတော့ (၁) - အဓမ္မ ဖမ်းဆီးအကျဉ်းကျခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နဲ့အကွ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရေး၊ (၂) - စစ်အုပ်စုကထွက်ပေါက်အဖြစ်ပြင်ဆင်နေတဲ့ အတုအယောင်ရွေးကောက်ပွဲကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ရေး၊ (၃) - စစ်အုပ်စုပြဌာန်းထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေကိုဖမ်းဆီး၊ ရှေ့တန်းပို့နေတဲ့ အဲ့ဒီစစ်မှုထမ်းဥပဒေကိုလုံးဝဖျက်သိမ်းရေးတို့ ဖြစ်ပါတယ်။
ဒီတောင်းဆိုချက် ၃ချက်နဲ့အသံတိတ်သပိတ်မှာ အားလုံးပါဝင်ဆင်နွှဲပေးကြဖို့ကို ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ကိုခန့်ဝေဖြို့တို့ဦးဆောင်တဲ့ သပိတ်အဖွဲ့ဟာလည်း မန္တလေးမြို့နယ် စျေးချိုနားမှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါသေးတယ်။

အဲ့ဒီနောက် စစ်အုပ်စုဘက်ကထောက်ခံသူတွေနဲ့ချန်နယ်တွေမှာ အဲ့ဒီအသံတိတ်သပိတ်နဲ့ သပိတ်ပြုလုပ်တာတွေကို လူမှုကွန်ရက်မှာရေးသားဖော်ပြ Postတင်သူတွေ၊ like၊ Loveစတဲ့ reactionပေးသူတွေကို အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ဖမ်းဆီးဖို့ဆိုပြီး ကိုတေဇာဆန်းတို့ဆန္ဒပြပွဲပြီးကတည်းက နေ့တိုင်းလှုံ့ဆော်နေတာပါ။
ကိုတေဇာဆန်းကတော့ “တော်လှန်ရေးက အရင်းအနှီး၊ အထိအခိုက် ကြီးမားပါတယ်။ သို့သော် မတော်လှန်ဘဲ ခေါင်းငုံ့လည်ဆင်းခံနေလို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်၊ အမြစ်တွယ်သွားရင် ဖြစ်လာမယ့် နောက်ဆက်တွဲဆိုးကျိုးက အများကြီးပိုဆိုးရွားပြင်းထန်တာကြောင့် ကျနော်တို့ ဒီတော်လှန်ရေးကို အဆုံးသတ်ပန်းတိုင်ထိ ဆက်လက်ချီတက်သွားကြဖို့ပဲဖြစ်ပါတယ်”လို့ သူ့ရဲ့လူမှုကွန်ရက်ကနေ ဒီနေ့ ဒီဇင်ဘာ ၅ရက်က ပြောထားပါတယ်။
စစ်အုပ်စုဟာ မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်ကနေ အခုလ ၂ရက်နေ့မှာပြန်လွတ်လာတဲ့ ဘားအံ ကျောင်းသားသမဂ္ဂ တွဲဖက်အတွင်းရေးမှူး မပိုးပီတိခိုင်ကိုလည်း ပြန်လွတ်ပြီးနှစ်ရက်အကြာမှာ ပြန်ဖမ်းခဲ့ပေမယ့် ကိုတေဇာဆန်းတို့ဆန္ဒပြပွဲမှာ ဓါတ်ပုံရိုက်ပေးလို့ဖမ်းတာဆိုပြီး သတင်းလွှင့်ခဲ့ပါသေးတယ်။

ရန်ကုန်မြို့နေထိုင်သူတစ်ဦးကတော့”အသံတိတ်သပိတ်ဆိုတာ လူတိုင်းပါဝင်နိုင်တဲ့လှုပ်ရှားမှုပါ။ ဒါပေမယ့် ပါဝင်သူတွေကပါးပါးနပ်နပ်ရှိဖို့တော့လိုပါမယ်။ စစ်အုပ်စုကတော့ လူတွေကိုအကြောက်တရားနဲ့ခြိမ်းခြောက်နေတာ သူတို့လုပ်နေကြပါပဲ။ ကိုယ့်အိမ်မှာကိုယ်နေတဲ့သူကို လာဖမ်းတယ်၊ ခြိမ်းခြောက်တယ်ဆိုကတည်းက သူတို့(စစ်အုပ်စု)ရဲ့ အကြောက်တရားကို ပြနေတာပါ”လို့ Burma VJကိုပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ရက်နေ့မှာ ကမ္ဘာတလွှားကလူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှု၊ ပြပွဲ၊ အသိပညာပေးအစီအစဉ်တွေ၊ ဆန္ဒထုတ်ဖော်မှုတွေကိုလုပ်ဆောင်ကြပြီး လူ့အခွင့်အရေးလှုပ်ရှားမှုတွေမှာ လူထုကအတူပူးပေါင်းပါဝင်လာစေဖို့ ဆောင်ရွက်ကြပါတယ်။
အာဏာသိမ်းစစ်အုပ်စုဘက်ကတော့ အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့မှာ လူထုကအသံတိတ်သပိတ်ဆင်နွှဲမှာကိုကြောက်လန့်နေပြီး စျေးဆိုင်တွေ၊အလုပ်တွေ၊ရုံးတွေကို မပိတ်ဖို့၊ အလုပ်သမား ဝန်ထမ်းတွေကိုခွင့်မပေးဖို့ဆိုတဲ့ ဖိအားပေးစေခိုင်းမှုတွေကို တောက်လျောက်လုပ်ဆောင်လေ့ရှိပါတယ်။







Comments