ဖာပွန်က တော်လှန်ရေးတပ်တွေသိမ်းထားတဲ့နေရာတွေကို စစ်အုပ်စုပြန်ထိုးစစ်ဆင်နေ
- BVJ

- Sep 4
- 1 min read
မိုနာ/BVJ_စက်တင်ဘာ ၄၊ ၂၀၂၅

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့နေရာတွေကို စစ်အုပ်စုက အင်အားဖြည့်တင်းပြီး ပြန်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်တိုက်ပွဲဝင်အဖွဲ့တွေဆီက သိရပါတယ်။
ဖာပွန်မြို့နယ်အတွင်းက KNLAနဲ့ PDFပူးပေါင်းတပ်တွေသိမ်းထားတဲ့စခန်းတွေနဲ့ နယ်မြေတွေကို ဒရုန်း၊လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ပြန်ထိုးစစ်ဆင်နေတာဖြစ်ပေမယ့် တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက Burma VJကိုပြောပါတယ်။
“ဖာပွန်က ရန်သူကအင်အားဖြည့်တင်းပြီး ဒရုန်း လက်နက်ကြီးတွေနဲ့ ကျတော်တို့သိမ်းဆည်းထားတဲ့ စခန်းတွေ နယ်မြေတွေကို ပြန်ထိုးစစ်ဆင်နေတယ်။ KNLA + PDF တပ်တွေအနေနဲ့ သိမ်းဆည်းထားတဲ့နယ်မြေတွေ စခန်းတွေကို ထိန်းချုပ်ထားဆဲဖြစ်ပါတယ်”
ဖာပွန်မြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDFတပ်မှူးတွေနဲ့ဖွဲ့စည်းထားတဲ့ အမိန့်ပေးကွပ်ကဲမှုယန္တရား Joint Operation Command(JOC)ရဲ့ အစီအစဉ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်မှာစတင်ခဲ့တာဖြစ်ပြီး အဲ့ဒီမှာ KNLA နဲ့အမှတ်၂စစ်ဆင်ရေးမှာရှိတဲ့တပ်ရင်း တပ်ဖွဲ့တွေနဲ့ အမှတ် ၁စစ်ဆင်ရေးနယ်မြေမှာရှိတဲ့ အထူးသဖြင့် အထူးတိုင်းစစ်ဌာနရဲ့ နည်းဗျူဟာ ၂၊ ၇မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။
“အခုဆိုရင် ဖာပွန်မြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ရင် ဖာပွန်ဗျူဟာတခုပဲကျန်နေတယ်။ အဲ့ဒီဖာပွန်ဗျူဟာတခုကိုလည်း ကျနော်တို့ထပ်ပြီးတော့ ဝန်းရံပိတ်ဆို့ထားပြီးတော့မှ ကျန်တဲ့သိမ်းပိုက်ထားပြီးတဲ့မြို့တွေ စခန်းတွေအားလုံးကို နယ်မြေစိုးမိုးထားတဲ့အခြေအနေတွေ၊ လုံခြုံရေးဆောင်ရွက်ထားတဲ့အခြေအတွေရှိပါတယ်”လို့ ရဲဘော်အောင်စံရှားက ပြောပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့ မနေ့ကထုတ်ပြန်တဲ့ စစ်ဆင်ရေးကြေညာချက်ထဲမှာလည်း KNLA တပ်ဖွဲ့တွေနဲ့အတူ ထိုင်း-မြန်မာနယ်စပ်စခန်းသိမ်းတိုက်ပွဲတွေ၊ ဖာပွန်မြို့သိမ်းတိုက်ပွဲနဲ့ အနန်းကွင်းဗျူဟာစခန်းသိမ်း တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဖာပွန်ခရိုင်အတွင်း ပြီးခဲ့တဲ့ သြဂုတ်လ ၁ရက်ကနေ ၃၁ရက်အထိကို တိုက်ပွဲ (၉၃)ကြိမ်ဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၉ဦးသေဆုံးခဲ့သလို KNLA တပ်မဟာ ၅ ဘက်ကရဲဘော်တချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU-Mutraw District ကထုတ်ပြန်ခဲ့ပါတယ်။
စစ်အုပ်စုဘက်ကလေကြောင်းကနေ ဗုံးသုံးကြိမ်ကြဲ၊ စက်လတ်နဲ့တိုက်ခိုက်တာတွေကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ-ဖာပွန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြေပြင်ချေမှုန်းရေးအထူးတပ်ဖွဲ့ဝင်များ (ပုံဟောင်းဖြစ်ပါသည်)







Comments