ဘားအံထောင်ဝန်ထမ်းတွေရဲ့ရိုက်နှက်ခံရပြီး နိုင်ငံရေးအကျဉ်းသားတစ်ဦး ကျဆုံး
- BVJ

- Jul 25
- 1 min read
ရိုက်နှက်ခဲ့တဲ့ ထောင်ဝန်ထမ်းတွေနာမည်နဲ့ မှတ်ပုံတင်နံပါတ်တွေ ပေါ်ထွက်
BVJ/ဇော်- ဇူလိုင် ၂၅၊ ၂၀၂၅

ကရင်ပြည်နယ်၊ ဘားအံအကျဉ်းထောင်မှာ ထောင်ဝန်ထမ်းတွေရိုက်နှက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အခုလ ၂၁ ရက်နေ့က ဘားအံအကျဉ်းထောင်မှာ ပုဒ်မ ၅၀-ည နဲ့ ထောင်ဒဏ် (၇) နှစ်ချမှတ်ခံထားရတဲ့ ကိုအောင်နိုင်စိုး (ခ) ကရင်လေးဟာ အကျဉ်းသားအချင်းချင်း မတော်တဆစကားများရာမှာ ပါဝင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တန်းပိတ်ချိန် ပြင်ပကိုခေါ်ထုတ်ပြီး အကျဉ်းထောင်ဝန်ထမ်း (၃၀) ခန့်က ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
“ကိုအောင်နိုင်စိုးက ၂၁ ရက်နေ့ ဖြစ်စဉ်မှာပဲ ကျဆုံးခဲ့တာဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေကို သီးခြားထားခဲ့ပြီး ကိုအောင်နိုင်စိုးကိုတော့ သက်ကြီးဆောင် အခြားအကျဉ်းသားတွေနဲ့အတူထားတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ အဓိက စွပ်စွဲရိုက်နှက်ခံရတာက အကျဉ်းသားအချင်းချင်း ပြဿနာဖြစ်တယ်၊ စကားများရန်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ထုတ်တယ်ဆိုပြီး သိရှိထားတယ်။ ဒါက အကျဉ်းဦးစီးဌာနဘက်က ပေးထားတဲ့ အကြောင်းပြချက်ဖြစ်ပါတယ်။ အခုချိန်ထိတော့ အရေးယူဆောင်ရွက်တာမျိုး မတွေ့ရသေးပါဘူး။ ပါဝင်ပတ်သက်သူတွေထဲမှာ အကျဉ်းဦးစီးက အရာရှိဝန်ထမ်းတွေပါ ပါနေတယ်ဆိုတော့ ဒီကိစ္စကို ဖုံးကွယ်ဖို့ ကျန်းမာရေးကြောင့်ဆုံးတယ်ဆိုတဲ့ အသွင်သဏ္ဍန်မျိုးပြောင်းနေတာတော့ ကျွန်တော်တို့ သတိထားမိတယ်”လို့ PPNMကတာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Burma VJ ကိုပြောပါတယ်။
အကျဉ်းဦးစီးဌာနအနေနဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေဟာ ဘာမှ အသက်မဝင်တော့ဘဲ ထောင်အာဏာပိုင်တွေနဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ အလိုကျဖြစ်နေပြီးတော့ အသက်ရှင်သန်ပိုင်ခွင့်ဆိုတဲ့ လူသားတိုင်းရရှိရမယ့် အခြေခံအခွင့်အရေးကို အကျဉ်းထောင်ထဲမှာ လုံးဝမရရှိဘဲ ဆုံးရှုံးနေရကြောင်းကိုလည်း ကိုသိုက်ထွန်းဦးက ဆက်လက်ပြောပါတယ်။
ဘားအံထောင်က လက်ထောက်ကြီးကြပ်ရေးမှူး ကြည်ခိုင် ၊ လက်ထောက်ကြီးကြပ်ရေးမှူး သွင်ထူး၊ တပ်ကြပ်ကြီး ဝင်းမောင် ၊ ဒုတပ်ကြပ် စိုးသူရသိန်း၊ တပ်သား ကိုကိုဖြိုး၊ တပ်သားချစ်ဦးဇော် တို့ဟာ နိုင်ငံရေးအကျဉ်းသား ကိုအောင်နိုင်စိုးကို ရိုက်နှက်ရာမှာပါဝင်ကျူးလွန်တဲ့သူတွေဖြစ်ပြီး PPNM အနေနဲ့ အရေးယူဆောင်ရွက်မှုတွေကို သက်ဆိုင်ရာနယ်မြေတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သူတို့ရဲ့မှတ်ပုံတင်နံပါတ်တွေနဲ့အတူ ထုတ်ပြန်ထားပါသေးတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့ကလည်း သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းထောင်ဝန်ထမ်း ကိုစိုးမင်းဆိုသူက အဆောင်မှူးရုံးခန်းမှာ အလုပ်လုပ်တဲ့ အခြားအမှုနဲ့ ထောင်ကျနေတဲ့ အကျဉ်းသားတစ်ဦးနဲ့ရန်ဖြစ်လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်သူထက်ကို ပုခုံးအဆစ်ပြုတ်တဲ့အထိ ရိုက်နှက်ခဲ့ပြီး တိုက်ပိတ်ထားမှုလည်း ရှိနေပါသေးတယ်။







Comments