KIAစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး R.ခေါင်လွမ်းကို NUGက ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ ချီးမြှင့်
- BVJ

- 2 minutes ago
- 1 min read
မိုနာ/BVJ_စက်တင်ဘာ ၇၊ ၂၀၂၆

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး R.ခေါင်လွမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက-MODက ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ချီးမြှင့်လိုက်ပါတယ်။
ပြည်သူ့တော်လှန်ရေးမှာ စစ်ရေးတာဝန်တွေ ကို စွမ်းစွမ်းတမံ ထူးခြားကျေပွန်အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြတဲ့ရဲဘော်တွေရဲ့ ပေးဆပ်မှု၊ စွန့်လွှတ်မှုနဲ့အမှုထမ်းဆောင်မှုတို့အတွက်ဆိုပြီး စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေကို NUG ကချီးမြှင့်လိုက်တာပါ။
အဲ့ဒီထဲမှာ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို တစ်ဦးထဲသာချီးမြှင့်ခဲ့တာဖြစ်ပြီး အဲ့ဒီဆုအတွက် ၂၀၂၄၊မေ ၁၃ရက်က ကွယ်လွန်သွားပြီဖြစ်တဲ့ အမှတ်(၁)စစ်ဒေသ၊စစ်ဒေသမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး R.ခေါင်လွမ်းကရရှိခဲ့တာပါ။
ဒုဗိုလ်ချုပ်ကြီး R.ခေါင်လွမ်းဟာ ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေအတွင်းက KIA နဲ့PDFတွေ ပူးပေါင်းတိုက်ပွဲတွေအတွင်း စစ်ရေးမဟာဗျူဟာတွေကိုဦးဆောင်ချမှတ်ခဲ့သူတွေထဲလည်းပါဝင်ခဲ့သလို စစ်မြေပြင်အထိ ကိုယ်တိုင်သွားရောက်ခဲ့သူလည်းဖြစ်ပါတယ်။
ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ကို အချက်လေးချက်နဲ့အညီပေးအပ်တာဖြစ်ပြီး အဲ့ဒီထဲမှာ PDFတပ်မတော်တည်ဆောက်ရေး၊ မဟာမိတ်ပူးပေါင်းဆောင်ရွက်ရေး၊ ဗျူဟာမြောက်စစ်ဆင်ရေးတွေမှာ ဦးဆောင်ကွပ်ကဲသူ၊ တော်လှန်ရေးနဲ့ဆီလျော်တဲ့ စစ်မဟာဗျူးချမှတ်ပြီး လက်တွေ့အကောင်အထည်ဖော်သူ၊ စစ်မြေပြင်အတွင်း ရဲဘော်တွေနဲ့အတူ တသားထဲတိုက်ပွဲဝင်ပြီး မိမိရဲ့အသက်နဲ့အကျိုးစီးပွဦးကို အဆုံးစွန်ထိစွန့်လွှတ်နိုင်သူ၊ စစ်ရေးဦးဆောင်မှုပြုရာမှာ တော်လှန်ရေးတပ်မှူးတွေနဲ့ ရဲဘော်တွေအတွက် စံနမူနာပြုထိုက်သူဆိုတဲ့ စံသတ်မှတ်ချက်တွေပါဝင်တယ်လို့ NUGကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

အခုဘွဲ့တံဆိပ်နဲ့ဆုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ပြည်သူ့တော်လှန်ရေး ဂုဏ်ဆောင်ဘွဲ့ (Honor of People's Revolution- HPR)၊ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (Legend of People's Revolution-LPR)၊ ပြည်သူ့ဇာနည်ဆု (People's Medal for Noble Service-PMNS)၊ ပြည်သူ့သားကောင်းဆု (People's Medal for Loyal Service-PMLS)၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (Badge of Revolutionary Service - BRS)ဆိုပြီး (၅)မျိုးချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ဒီနေ့ စက်တင်ဘာ ၇ရက်မှာ NUGကကြေညာပါတယ်။
အဲ့ဒီထဲမှာ ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ချီးမြှင့်ခံရသူ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ချီးမြှင့်ခံရသူ (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ချီးမြှင့်ခံရသူ (၈၁) ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (BRS) ချီးမြှင့်ခံရသူ (၄၂) ဦးပါဝင်ပြီး စုစုပေါင်း ဘွဲ့ နဲ့ဆုတံဆိပ်ချီးမြှင့်ဂုဏ်ပြုခံရသူ (၁၇၉၂) ဦးရှိခဲ့တယ်လို့သိရပါတယ်။

အခုလိုဘွဲ၊ဆု၊တံဆိပ်ချီးမြှင့်ဖို့အတွက် အဆိုပြုလွှာတွေကို ကွပ်ကဲမှုအဆင့်အလိုက်တင်ပြခဲ့ပြီး ဒုတိယအဆင့်အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စိစစ်ရွေးချယ်ခဲ့ကြောင်းနဲ့ တတိယအဆင့်မှာတော့ NUGရဲ့ “စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ဆု၊တံဆိပ်စိစစ်ရွေးချယ်ရေးကော်မတီ” ကအတည်ပြုရွေးချယ်ခဲ့တာဖြစ်ပါတယ်။
NUGအနေနဲ့ အခုလိုချီးမြှင့်မှုအစီအစဉ်ကို နှစ်အလိုက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ကြေညာပါတယ်



Comments