ဟောင်ကောင်မီးလောင်မှု သေဆုံးအရေအတွက် ၄၄ ဦးထိရှိလာ
- BVJ

- Nov 27, 2025
- 1 min read
အီးကေ/BVJ_ နိုဝင်ဘာ ၂၇၊ ၂၀၂၅

ဟောင်ကောင်၊ တိုင်ပိုခရိုင်အထပ်မြင့်တိုက်ခန်းတွေ မနေ့ကမီးလောင်မှုမှာ အနည်းဆုံး လူ ၄၄ ဦးသေဆုံးမှုရှိလာပြီး၊ ၄၅ ဦးကစိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။
ဒါ့အပြင်၂၇၉ ဦးကပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ Wang Fuk Court ထဲက အဆောက်အဦးရှစ်ခုမီးလောင်ကျွမ်းမှုကို မီးသတ်သမား ၈၀၀ ကျော်ကငြှိမ်းသတ်ခဲ့ရပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ ပြုပြင်မွမ်းမံမှုတွေပြုလုပ်နေတဲ့နေရာမှာ ပိုလီစတိုင်ရင်းပျဉ်ပြားတွေအသုံးပြုထားတာ၊ ငြမ်းအဖြစ်အသုံးပြုတဲ့ ဝါးတိုင်တွေကတဆင့် အနီးနားက အခြားအဆောက်အဦးတွေကို မြန်မြန်ပြန့်သွားပုံရတယ်လို့လည်း ပြောကြပါတယ်။
ဒီမီးလောင်မှုကို အဆင့်ငါးအဖြစ်သတ်မှတ်ထားပြီး ဟောင်ကောင်မှာအပြင်းထန်ဆုံး မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပါတယ်။ ညဉ့်နက်ပိုင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတဲ့အချိန်မှာ ကလေးငယ်တစ်ဦးနဲ့သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ဒေသခံမီဒီယာတွေမှာဖော်ပြပါတယ်။
မီးလောင်မှုကြောင့် လူသုံးဦးကိုလူသတ်မှုနဲ့ဖမ်းဆီးထားပြီး နှစ်ဦးဟာ မီးလောင်တဲ့အဆောက်အအုံကိုတာဝန်ယူဆောက်လုပ်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု က ဒါရိုက်တာတွေဖြစ်ပြီး တစ်ဦးကတော့ အင်ဂျင်နီယာအတိုင်ပင်ခံဖြစ်ပါတယ်။ မီးငြှိမ်းသတ်ရင်းသေဆုံးသွားတဲ့ အသက် ၃၇ နှစ်အရွယ်မီးသတ်သမား ကို အစိုးရကဂုဏ်ပြုခဲ့ပြီး အသက်စွန့်ပြီးကြိုးစားအာထုတ်ခဲ့သူလို့ဖော်ပြခဲ့ပါတယ်။

အဆောက်အအုံကို အကြီးအကျယ်ပြုပြင်မွမ်းမံမှုတွေပြုလုပ်နေတဲ့အချိန် မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အဆောက်အအုံပြတင်းပေါက်တွေမှာ ပိုလီစတိုင်ရင်းပျဉ်ပြားတွေနဲ့ ပိတ်ဆို့ထားတာကို ရဲတပ်ဖွဲ့ကတွေ့ရှိခဲ့ပါတယ်။အရည်အသွေးမမီတဲ့ ဆောက်လုပ်ရေးပစ္စည်တွေအသုံးပြုခဲ့တာကြောင့် မီးအလျင်အမြန်ပျံ့သွားခဲ့တာလို့ ကျွမ်းကျင်တဲ့သူတွေကသုံးသပ်ထားကြပါတယ်။
မှတ်တမ်းတွေအရ အဲ့ဒီမီးလောင်တဲ့အိမ်ရာဝင်းမှာ တိုက်ခန်း ၂၀၀၀ နီးပါးပါဝင်တဲ့ အဆောက်အအုံရှစ်လုံးရှိပြီး လူပေါင်း ၄၈၀၀ ခန့်နေထိုင်ပါတယ်။ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ၅၁ မိနစ်ကစပြီး မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ပြီး ညနေစောင်းတဲ့အချိန်ထိအောင် မီးသတ်သမားတွေက မီးကိုအကြိတ်အနယ် ဆက်လက်ငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းထိ အဆောက်အအုံတချို့ကနေ မီးခိုးတွေထွက်နေဆဲဖြစ်ပေမယ့် အဆောက်အအုံရှစ်လုံးအနက် လေးလုံးကမီးကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။
ခရက်ဒစ်-ဘီဘီစီ







Comments