မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးလုပ်ကြဖို့ ဂျပန်ရောက် မြန်မာတွေက နှစ်သစ်မှာနှစ်ဖက်လုံးကို တောင်းဆို
- BVJ

- Jan 5
- 1 min read
အယ်နာ/BVJ_ဇန်နဝါရီ ၁၊ ၂၀၂၆

မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အချက်ဆယ်ချက်ပါတဲ့တောင်းဆိုမှုတွေကို ငြိမ်းချမ်းရေးကမ်းလက်များ(Hands Of Peace)လို့နာမည်ပေးထားတဲ့ ဂျပန်ရောက်မြန်မာအချို့ပါဝင်တဲ့အဖွဲ့က ဒီကနေ့ ၂၀၂၆ ခုနှစ်ရဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံ၊အိုဆာကာမြို့မှာ ဒီနေ့မနက်ကကျင်းပတဲ့ ဆန္ဒထုတ်ဖော်ပွဲအတွင်း တောင်းဆိုချက်တွေက အာဏာသိမ်းမြန်မာစစ်တပ်နဲ့တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အသီးသီးကို ရည်ရွယ်ထားတာပါ။
စစ်အုပ်စုကိုတောင်းဆိုတဲ့အချက်တွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးလွှတ်ပေးရန်၊ အပစ်ခတ်ရပ်စဲပြီး လေယာဉ်နဲ့ဗုံးကြဲတာတွေ တန်ပြန်ထိုးစစ်ဆင်နေတာတွေကိုချက်ချင်း ရပ်တန့်ရန်၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဖိတ်ခေါ် ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပပေးရန်နဲ့ ပြည်သူတွေစိုးရိမ်နေတဲ့ မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်မှုကိုဆိုင်းငံ့ပေးရန်စတဲ့ အချက်တွေပါဝင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကို တောင်းဆိုထားတဲ့အချက်တွေထဲမှာတော့ အပစ်ခတ်ရပ်စဲကြောင်းကြေညာပြီး မြို့သိမ်း၊စခန်းသိမ်းတိုက်ပွဲတွေကို ရပ်တန့်ပေးရန်၊ တော်လှန်ရေးအဖွဲ့အစည်းတချို့က အတင်းအဓမ္မ တပ်သားစုဆောင်းနေတာကိုရပ်တန့်ရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာရေး ပူးပေါင်းပေးရန်၊ နိုင်ငံရေးသဘောတူညီမှုရရှိရေးထက် အပစ်ခတ်ရပ်စဲရေးကို ပိုပြီးဦးစားပေးဆောင်ရွက်ရန်နဲ့ တိုင်းပြည်ပြန်လည်တည်ငြိမ်ရေးအတွက် တော်လှန်ရေးအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးမူဆွေးနွေးပွဲတွေပြုလုပ်ကျင်းပပေးရန် စတဲ့အချက်တွေပါဝင်ပါတယ်။
"ကျွန်တော်တို့နိုင်ငံက ပြည်တွင်းစစ်ဖြစ်ခဲ့တာ နှစ်၇၀ ကျော်ပြီ ။ အာဏာသိမ်းတာလည်း သုံးကြိမ်ကြုံခဲ့ရတယ် ။ ၂၀၂၁ စစ်အာဏာသိမ်းမှုက အဆိုးဆုံးအခြေအနေဖြစ်တယ် ။ စစ်တပ်ရဲ့ဗုံးကြဲမှုတွေကြောင့် မြို့၊ ရွာ၊အိုးအိမ်တွေပျက်စီးပြီး အပြစ်မဲ့ပြည်သူ လေးထောင်ကျော် သေခဲ့ရပြီးဖြစ်တယ်။ စစ်တပ်ကလည်းစစ်မှုထမ်းဥပဒေကိုပြဌာန်းပြီး လူငယ်တွေကို စစ်ပွဲထဲအတင်းဆွဲသွင်းနေသလို လူငယ်အများစုကလည်း တော်လှန်ရေးရေစီးကြောင်းထဲမျောပါခဲ့ရပြီး စစ်ပွဲထဲမှာသားကောင်အဖြစ် ခေတ်ကိုဖြတ်ကျော်နေရတာ ဖြစ်ပါတယ်" လို့ Hands Of Peace အဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက BVJ ကိုပြောပါတယ်။

စစ်အုပ်စုနဲ့တော်လှန်ရေးအဖွဲ့အစည်းတွေကြား ဘယ်ဘက်ကမှအလေးသာစေဖို့မဟုတ်ဘဲ ပြည်သူတွေရဲ့အသက်အိုးအိမ် စည်းစိမ်၊အနာဂတ်လမ်းကြောင်းတွေအတွက် အကျိုးအများဆုံးဖြစ်စေတဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိုဆောင်ရွက်ပေးကြဖို့ကိုလည်း ထုတ်ပြန်ချက်ထဲမှာတိုက်တွန်းထားပါသေးတယ်။
ဓာတ်ပုံ - Hands Of Peace







Comments