ချင်းတပ်ဖွဲ့တွေ ဟားခါးမြို့မရဲစခန်းကိုဝင်တိုက်ပြီး အကျဉ်းသားတွေကိုကယ်ထုတ်လာ
- BVJ

- Oct 16
- 1 min read
မိုနာ/BVJ_အောက်တိုဘာ ၁၆၊ ၂၀၂၅

ချင်းပြည်နယ်၊ ဟားခါးမြို့မရဲစခန်းကို ဒီနေ့ အောက်တိုဘာ ၁၆ရက်မနက်အစောပိုင်း သုံးနာရီအချိန်မှာ ချင်းအမျိုးသားတပ်မတော်-CNAနဲ့ CDF-Hakhaတပ်ဖွဲ့တို့က စီးနင်းတိုက်ခိုက်ပြီး အကျဉ်းသားတွေကိုကယ်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
အခုဝင်တိုက်တဲ့ ရဲစခန်းမှာ CNAနဲ့CDFတပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထားတာကြောင့် စစ်ဆင်ရေးပြုလုပ်ကယ်ထုတ်ခဲ့တာဖြစ်တယ်လို့ CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက Burma VJကိုပြောပါတယ်။
“ကျနော်တို့အကျဉ်းသားတွေကိုဖမ်းထားလို့ စစ်ဆင်ရေးလုပ်ကယ်ထုတ်ခဲ့တာပါ။ တိုက်ပွဲက မနက် ၃နာရီကနေ ၄ခွဲအထိဖြစ်တယ်။ အဲ့ဒီမှာအကျဉ်းသားအဖြစ်ဖမ်းခံထားရတဲ့ ကျနော်တို့တပ်ဖွဲ့ဝင်နဲ့ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ယောက်ရယ်၊ အရပ်သား ၁၀ယောက်ရယ်ကို ကယ်ထုတ်နိုင်ခဲ့တယ်။ တိုက်ပွဲတစ်နာရီခွဲအတွင်းကျနော်တို့ဘက်ကလုံခြုံချောမွေ့စွာနဲ့ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်”
တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က ၅ဦးကျဆုံးပြီး CDFဟားခါးကရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းနဲ့ စစ်အုပ်စုဘက်ကလက်နက်အချို့ကိုလည်း ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကရရှိခဲ့တယ်လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုလေကြောင်းကနေ အရပ်သားပြည်သူတွေကိုဦးတည်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို ပိုပြီးသတိထားကြဖို့ကိုလည်း CNF/CNA ပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီက အသိပေးပြောပါတယ်။







Comments