ဟားခါးရှိမူလတန်းကျောင်း ဂျက်ဖိုက်တာ၊ဒရုန်းတို့နဲ့ဗုံးကြဲခံရပြီး ကျောင်းသားကလေးနှစ်ဦး သေဆုံး
- BVJ

- Oct 13
- 1 min read
မိုနာ/BVJ_ အောက်တိုဘာ ၁၃၊ ၂၀၂၅

ချင်းပြည်နယ်၊ဟားခါးမြို့နယ် ဗန်ဟာကျေးရွာထဲကမူလတန်းကျောင်းကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသားကလေးနှစ်ဦး သေဆုံးသွားပြီး နောက်ထပ်ကျောင်းသား အယောက် ၂၀ခန့်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မနက်ပိုင်း ဆယ်နာရီကျော်မှာ စစ်အုပ်စုကလေကြောင်းကနေဗုံးသုံးလုံးကြဲချခဲ့တာဖြစ်ပြီး
စာသင်ကျောင်းကို တမင်ဦးတည်ကြဲတာဖြစ်တယ်လို့ CDF-ဟားခါးတပ်ဖွဲ့အတွင်းရေးမှူး Salai Za Cung Lianက Burma VJကိုပြောပါတယ်။
“ကျောင်းသားတစ်ယောက်၊ ကျောင်းသူတစ်ယောက် နှစ်ယောက်ကျသွားတယ်ဗျ။ ဗုံးက ၃လုံးလောက် ကျထားတယ်။ အဆောက်အဦး ၂လုံးလောက်ပျက်ဆီးသွားတယ်။ ဒဏ်ရာရတဲ့သူတွေကတော့ အတိအကျမသိရသေးဘူး အယောက် ၂၀ကျော်မယ်လို့တော့သိထားရပါတယ်ဗျ”
သေဆုံးကျောင်းသူဟာ တတိယတန်းကျောင်းသူဖြစ်ပြီး ကျောင်းသားကတော့ ပဉ္စမတန်းကျောင်းသား ဖြစ်ကြောင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့ကျောင်းသားတွေထဲမှာ စိုးရိမ်ရသူတွေရှိနေသေးတယ်လို့လည်း သိရပါတယ်။
ဗုံးကြဲမှုအတွင်း ဂျက်ဖိုက်တာနဲ့အရင်ကြဲချခဲ့တာဖြစ်ပြီး အဲ့ဒီနောက် ဒရုန်းနဲ့ပါထပ်လာကြဲခဲ့တာဖြစ်တယ်လို့လည်း CDF-ဟားခါးက သိရပါတယ်။

စစ်အုပ်စုဟာ အခုလ ၈ရက်လည်း မင်းတပ်မြို့နယ် ကျေးရွာတွေအတွင်းက စာသင်ကျောင်းနဲ့ ဘော်ဒါဆောင်ကို လေကြောင်းကနေဗုံးကြဲခဲ့တာကြောင့် ကျောင်းသား သုံးဦးနဲ့ မသန်စွမ်းအမျိုးသမီး တစ်ဦးသေဆုံးပြီး ဆယ်ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
ရွေးကောက်ပွဲအပိုင်း-၁ကို ဒီဇင်ဘာနောက်ဆုံးပတ်မှာ ကျင်းပမယ်လို့ကြေညာထားတဲ့စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီး၊ဒရုန်းပစ်ခတ်မှုတွေကို အရင်ကထက်ပိုလုပ်လာပြီး စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေပိုများလာတာကို တွေ့ရပါတယ်။
ပုံစာ-ဟားခါးစာသင်ကျောင်းဗုံးကြဲခံရပြီး သေဆုံးသွားတဲ့ကျောင်းသားကလေးနှစ်ဦး။(ဓါတ်ပုံ-ပေးပို့)







Comments