ဖားကန့်မြို့နယ် လုံးခင်းမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးအပါအဝင် ဒေသခံ ၉ ဦး သေဆုံး
- BVJ

- Jun 7
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၇ ၊ ၂၀၂၅

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းရွာ ခွန်ဆာကုန်း (ငြိမ်းချမ်းသာယာရပ်ကွက်)ကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံပြည်သူ ၉ ဦး သေဆုံးခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက Burma VJ ကို ပြောပါတယ်။
မနေ့ ဇွန် ၆ ရက်ညပိုင်းက လုံးခင်းရွာမှာရှိတဲ့ စစ်ကောင်စီ တညင်းကုန်းတပ်ကနေ ခွန်ဆာကုန်းကို လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ရပ်ကွက်အတွင်း နေအိမ်အလုံး ၃၀ ကျော် ထိခိုက်ပျက်စီးခဲ့သလို ကလေးအပါအဝင် ဒေသခံ ၉ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့တာလည်း ဖြစ်ပါတယ်။
“ဖားကန့် လုံးခင်းဘက်မှာ မနေ့က ၉ နာရီခွဲ ၁၀ နာရီဝန်းကျင်လောက်မှာ တညင်းကုန်းတပ်ကနေ လက်နက်ကြီးနဲ့ပစ်လို့ ခွန်ဆာကုန်းမှာ လက်နက်ကြီးကျည်ကျ ပေါက်ကွဲသွားတယ်။ ဆိုတော့ အဲ့ဒီပေါက်ကွဲတဲ့နေရာမှာ ရှင်းလင်းရေးလုပ်တဲ့အခါ အလောင်းက ၉ လောင်း တွေ့ရတယ်။ မီးလောင်သွားတဲ့အိမ်ခြေပေါင်းကတော့ ၃၀ ကျော်လောက် တွေ့ရတယ်”လို့ ဗိုလ်မှူးကြီး နော်ဘူက အတည်ပြုပြောပါတယ်။
စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်အမျိုးအစားကို မသိရသေးပေမဲ့ လက်နက်ကြီးကျည်ကျတဲ့နေရာမှာ ကုန်စုံဆိုင်၊ ဂိုဒေါင်နဲ့ တခြားဆိုင်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ထပ်ဆင့်ပေါက်ကွဲမှုဟာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ အဲဒီဆိုင်နေရာတွေမှာ သိုလှောင်ထားမှုတွေ ရှိနေနိုင်တာကြောင့်ဖြစ်နိုင်တယ်လို့ ဒေသခံတွေယူဆထားကြောင်းလည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
စစ်ကောင်စီပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တဲ့ဒေသခံတွေဟာ ကချင်မိသားစုဝင်တွေဖြစ်ကြပြီး ကလေး ၄ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့တာလည်း ဖြစ်တယ်လို့ ကချင်ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဖားကန့်မြို့နယ်ကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးမှုတွေလုပ်ဆောင်နေပြီး KIA ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလကုန်ပိုင်း ဖားကန့်မြို့နယ် မှော်ဆီစာရွာဘက်ကို စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် KIA နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုတွေလည်း ရှိနေခဲ့ပါတယ်။







Comments