top of page

GZAနဲ့ YDFတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လုပ်ကြံခံရတဲ့အပေါ် အမှုမှန်ပေါ်ပေါက်ရေးအတွက် မဟာမိတ် ချင်းညီနောင်အဖွဲ့ ပူးပေါင်းပါဝင်လာ

  • Writer: BVJ
    BVJ
  • Jul 18, 2025
  • 1 min read

BVJ/မိုနာ_ ဇူလိုင် ၁၈၊ ၂၀၂၅

Generation Z Army-GZA
Generation Z Army-GZA

Generation Z Army-GZA စစ်ဦးစီးချုပ်အပါအဝင် ၅ ဦးနဲ့ ယောကာကွယ်ရေးတပ်-YDFက တပ်ဖွဲ့ဝင်နှစ်ဦး၊ စုစုပေါင်း ၇ ဦးတို့ ပစ်ခတ်လုပ်ကြံခဲ့ရတဲ့အပေါ်မှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီးအမှုမှန် ပေါက်ပေါက်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ GZAနဲ့YDFရဲ့ မဟာမိတ်ဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့က မနေ့က ဇူလိုင် ၁၇ရက် ညပိုင်းမှာထုတ်ပြန်ကြေညာလာပါတယ်။


အခုလ ၁၅ရက် နေ့ခင်း ၂း၅၀ခန့်မှာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ကန်စွန်းထောာင့်ကျေးရွာနဲ့ ယင်းမာပင်ကျေးရွာအကြားမှာ GZAဥက္ကဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ကိုအောင်ကျော်မျိုးထက်၊ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိ ၁ ဦး၊ အမှတ်-၂တပ်ရင်း တပ်ရင်းမှူး ၁ဦး၊ ဆေးသူနာပြု ၂ ဦးနဲ့ YDFက လုံခြုံ‌ရေးတပ်မှူး ၁ ဦး၊ လုံခြုံရေးတပ်သား ၁ ဦးတို့ သေနတ်နဲ့လုပ်ကြံပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။


ချင်းညီနောင်ရဲ့ ထုတ်ပြန်ချက်မှာ ဘုံရန်သူအကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ထုတ်ရမယ့်အချိန်မှာ အခုလိုပစ်ခတ်လုပ်ကြံခံရမှုဟာတော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေပြီး လုပ်ကြံမှုမှာ ပါဝင်ပတ်သက်မှုရှိတဲ့ လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် အိမ်နီးချင်းမဟာမိတ်ဖြစ်တဲ့ GZAနဲ့YDF တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်မယ်လို့ ဖော်ပြလာတာပါ။


အလားတူပဲ အခုလိုခြုံခိုတိုက်ခိုက်ခံရမှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းကို မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRAကလည်း ဇူလိုင် ၁၇ရက်မှာ ထုတ်ပြန်ပါတယ်။


လုပ်ကြံမှုဟာ ဂန့်ဂေါခရိုင် တပ်ရင်း(၁၀)၊ တပ်ခွဲ(၇)ရဲ့ စခန်းအနီးမှာဖြစ်ပြီး လုပ်ကြံသူတွေဟာ ဂန့်ဂေါခရိုင်တပ်ရင်းရဲ့ ယူနီဖောင်းကိုဝတ်ဆင်ထားတဲ့ လူ ၂၃ဦးခန့်ဖြစ်ကြောင်းနဲ့ လုပ်ကြံမှုမှာ ဂန့်ဂေါခရိုင် တပ်ရင်း(၁၀)၊ တပ်ခွဲ(၇)ရဲ့ ပါဝင်မှု၊ YDFတပ်ဖွဲ့ရဲ့ အချုပ်ထောင်ကနေထွက်ပြေးသွားသူတွေပါဝင်ကြောင်းကို GZAနဲ့YDFတို့က အသီးသီးထုတ်ပြန်ထားပါတယ်။


“ကျွန်ုပ်တို့ ယောကာကွယ်ရေးတပ် - YDF အနေဖြင့် ယော‌ဒေသအတွင်း ပဋိပက္ခအား မကြီးမားစေချင်သော်လည်း ယခုလက်ရှိ အခင်းအကျင်းနှင့် စပ်လျဉ်း၍ အပြစ်ရှိသူများကို တရားဥပဒေဘောင်အတွင်းမှ လိုအပ်သလို အရေးယူသွားမည်ဖြစ်ပြီး မသမာသူ လုပ်ကြံသူများမှ ဖမ်းဆီးထိန်းသိမ်းထားသော ဓါးစားခံများကို အချိန်မနှောင်းလင့်ဘဲ ကယ်ထုတ်ဖို့အတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူလူထုထံ လေးမြတ်စွာ အသိပေးကြေညာအပ်ပါသည်”လို့ YDFက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။


ဒါ့အပြင် ယောဒေသနဲ့ထိစပ်နယ်မြေတွေရှိ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အနေနဲ့ အမှန်တရားဘက်ကရပ်တည်ပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါသေးတယ်။

ပစ်ခတ်လုပ်ကြံခံရမှုအတွင်း GZAဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိနဲ့ အမှတ်-၂တပ်ရင်း တပ်ရင်းမှူးတို့ အဖမ်းခံလိုက်ရပြီး သူတို့နှစ်ဦးကိုဖြစ်စဉ်ဖြစ်တဲ့ညမှာပဲ GZAကပြန်ကယ်ထုတ်လိုက်နိုင်ပေမယ့် လက်ရှိအချိန်ထိ ဖမ်းခံထားရသူ ၇ ဦးရှိနေဆဲလို့ GZAတပ်ဖွဲ့က သိရပါတယ်။


ဖမ်းဆီးခံထားရသူတွေဟာ YDFရဲဘော် ၁ ဦး၊ GZAက စစ်မေ ၁ ဦးနဲ့ ရဲဘော် ၅ ဦးဖြစ်ပြီး ပစ်ခတ်လုပ်ကြံခံရမှု၊ ဖမ်းဆီးခံရသူတွေစတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး အခုချိန်အထိ နှစ်ဖက်တပ်တာဝန်ရှိသူတွေ ဆက်သွယ်ဆွေးနွေးတာမျိုးမရှိသေးဘူးလို့ GZAတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဒီနေ့မနက်ပိုင်းမှာ Burma VJကို ပြောပါတယ်။


ဖမ်းဆီးထားသူ ၇ ဦးကို ယောကာကွယ်ရေးတပ်စစ်ဒေသရုံး ဦးဆောင်ကော်မတီအောက်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အဲ့ဒီဦးဆောင်ကော်မတီထဲမှာ YDFကနေ ထွက်ပြေးလာတဲ့တပ်ဖွဲ့ဝင်တချို့ ပါဝင်ကြောင်းနဲ့ ဒီကော်မတီဟာ NUG ကွပ်ကဲမှုအောက်က ဟုတ်မဟုတ်ကိုတော့ ရှင်းရှင်းလင်းမသိရဘူးလို့ ဘီဘီစီမြန်မာပိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။


လုပ်ကြံမှုမှာပါဝင်ပတ်သက်တယ်လို့ YDFနဲ့GZAက ထုတ်ပြန်ထားတဲ့ ဂန့်ဂေါခရိုင် တပ်ရင်း(၁၀)၊ တပ်ခွဲ(၇)ဟာ NUGကာကွယ်ရေးဝန်ကြီးဌာနကအောက်က တပ်ရင်းတခုဖြစ်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး MODတာဝန်ရှိသူတွေကို NUGရဲ့ Press Officeကနေတဆင့် Burma VJက မနေ့က မနက်ပိုင်းထဲကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီနေ့ ဇူလိုင် ၁၈ရက် မနက်ပိုင်းအထိ ပြန်လည်ဖြေဆိုလာတာ မရှိသေးပါဘူး။

မကွေးတိုင်း ဂန့်ဂေါခရိုင်အတွင်းစစ်ရေးလှုပ်ရှားကြတဲ့ YDFနဲ့GZAတပ်ဖွဲ့တွေဟာ ချင်းညီနောင်တပ်ဖွဲ့နဲ့မဟာမိတ်ဖြစ်ပြီး ချင်းညီနောင်ရဲ့ ဖလမ်း၊ မင်းတပ်၊ မတူပီစတဲ့ မြို့သိမ်းစစ်ဆင်ရေးတွေမှာ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်ပါတယ်။


ပုံစာ-ချင်းညီနောင်စစ်ဆင်ရေးအတွင်း GZAနဲ့ YDFပူးပေါင်း တိုက်ခိုက်ခဲ့ကြပုံ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page