ဂန့်ဂေါမှာ GZAစစ်ဦးစီးချုပ်နဲ့အဖွဲ့ ပစ်ခတ်လုပ်ကြံခံရ
- BVJ
- 13 hours ago
- 1 min read
BVJ/မိုနာ_ ဇူလိုင် ၁၇၊ ၂၀၂၅

Generation Z Army-GZAစစ်ဦးစီးချုပ်အပါအဝင် ၅ ဦးနဲ့ ယောကာကွယ်ရေးတပ်-YDFက တပ်ဖွဲ့ဝင် နှစ်ဦး၊ စုစုပေါင်း ၇ဦးတို့ဟာ အခုလ ၁၅ရက် နေ့ခင်း ၂း၅၀ခန့်မှာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ကန်စွန်းထောာင့်ကျေးရွာနဲ့ ယင်းမာပင်ကျေးရွာအကြားမှာ သေနတ်နဲ့လုပ်ကြံပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ GZAတပ်ဖွဲ့ကသိရပါတယ်။
GZAဥက္ကဌလည်းဖြစ် စစ်ဦးစီးချုပ်လည်းဖြစ်တဲ့ ကိုအောင်ကျော်မျိုးထက်၊ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိ ၁ ဦး၊ အမှတ်-၂တပ်ရင်း တပ်ရင်းမှူး ၁ဦး၊ ဆေးသူနာပြု ၂ ဦးနဲ့ YDFက လုံခြုံရေးတပ်မှူး ၁ ဦး၊ လုံခြုံရေးတပ်သား ၁ ဦးတို့ ပစ်ခတ်ခံရတာဖြစ်ပြီး ပစ်ခတ်မှုအတွင်း ဆေးသူနာပြု နှစ်ဦးဟာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီးဖမ်းဆီးခံလိုက်ရကြောင်းနဲ့ ဗဟိုစစ်ရုံးချုပ်-ကိုယ်ရေးအရာရှိ ကိုပါကြီးနဲ့ အမှတ်-၂တပ်ရင်း တပ်ရင်းမှူး ကိုဘီလူးတို့ကတော့ ပြန်လည်ခုခံခဲ့တာကြောင့် ဒဏ်ရာအပြင်းအထန်ရပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။
အဲ့ဒီနေ့ ည ၇နာရီခန့်မှာပဲ GZAက လုံခြုံရေးတပ်သား ၂၀ဦးနဲ့ ကိုပါကြီးနဲ့ကိုဘီလူးကို လုပ်ကြံသူတွေဆီက ပြန်ကယ်ဆယ်နိုင်ခဲ့ပြီး ကိုပါကြီးဟာ ခေါင်း၊ရင်ဘတ်၊လက်နဲ့ပေါင်မှာ ပစ်ခတ်ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်ရသလို ကိုဘီလူးဟာလည်း ပေါင်မှာ ပစ်ခတ်ဒဏ်ရာရပြီး အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် နာတာရှည်ဝေဒနာခံစားရမှာကို စိုးရိမ်ရတယ်လို့ GZAက သိရပါတယ်။
“ပစ်တဲ့အခါမှာလည်းလမ်းရဲ့ ဘယ်ဘက် ညာဘက်မှာ ဆက်သွယ်ရေးမြောင်းတွေ ကတုတ်ကျင်းတွေ တူးပြီးတော့ အပိုင်စောင့်နေတာပါ။ တယောက်ကဒဏ်ရာပြင်းထန်တော့ အဲ့တယောက်ကိုပဲ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ကြိုးစားနေပါတယ်ဗျ”လို့ လုပ်ကြံခံခဲ့ရတဲ့ GZAတပ်ဖွဲ့ကရဲဘော် တစ်ဦးက Burma VJကို ပြောပါတယ်။

လုပ်ကြံမှုဟာ ဂန့်ဂေါခရိုင် တပ်ရင်း(၁၀)၊ တပ်ခွဲ(၇)ရဲ့ စခန်းအနီးမှာဖြစ်ပြီး လုပ်ကြံသူတွေဟာ ဂန့်ဂေါခရိုင်တပ်ရင်းရဲ့ ယူနီဖောင်းကိုဝတ်ဆင်ထားတဲ့ လူ ၂၃ဦးခန့်ဖြစ်ကြောင်းနဲ့ လုပ်ကြံမှုမှာ ဂန့်ဂေါခရိုင် တပ်ရင်း(၁၀)၊ တပ်ခွဲ(၇)ရဲ့ ပါဝင်မှု၊ YDFတပ်ဖွဲ့ရဲ့ အချုပ်ထောင်ကနေထွက်ပြေးသွားသူ တွေဖြစ်တဲ့ ပုန်ကန်သူတပ်မှူးတွေဖြစ်တဲ့ ကိုကောင်းကောင်း၊ ကိုယောလင်းနဲ့ ကိုဆန်းကိုဦးနဲ့ တပ်သားတွေ ပါဝင်ကြောင်း ဖမ်းဆီးခံရဲဘော်တွေရဲ့တွေ့ရှိချက်နဲ့အတည်ပြုခဲ့နိုင်တယ်လို့ GZAက မနေ့က ညပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။
“တော်လှန်ရေးသမားအချင်းချင်း လက်နက်နဲ့ဖြေရှင်းတာကတော့ မကောင်းပါဘူး။ ကျနော်တို့ ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ ဘာကြောင့်လုပ်ကြံတာလဲဆိုတော့ ကျနော်တို့ကYDFနဲ့ မဟာမိတ်ဖြစ်တဲ့အတွက် မဟာမိတ်ပီသစွာအပြန်အလှန်ကူညီဖေးမပြီးနေလာတာ နှစ်နဲ့ချီနေပါပြီ။ အဲ့ဒါဖြစ်တဲ့အတွက် YDFကထွက်ပြေးသွားတဲ့သူတွေက ထောင်ဖောက်တဲ့သူတွေက မကျေနပ်လို့ အခုလိုလုပ်ကြံတယ်လို့ ထင်ပါတယ်”လို့ GZAရဲဘော်က ပြောပါတယ်။

အခုနှစ် မေလ ၈ရက် နေ့လယ်နှစ်နာရီခန့်မှာ YDF အမှတ်-၁ အကျဉ်းထောင်ဌာနကနေ ရဲဘော်ကောင်းကောာင်း၊ ရဲဘော်ကိုငယ်၊ ရဲဘော်သားငယ်၊ ရဲဘော်ဂျစ်တူး၊ ရဲဘော်သားကြီး(လယ်မ)တို့ဟာ ထောင်ဖောက်ထွက်ပြေးသွားကြောင်းနဲ့ သူတို့တွေဟာ တပ်ပိုင်လက်နက်ခဲယမ်းတွေကို ခွင့်ပြုချက်မရှိဘဲရောင်းဝယ်ဖောက်ကားခြင်း၊ တပ်ပိုင်ငွေနဲ့ ကိုယ်ကျိုးစီးပွားရှာခြင်း၊ သစ်မှောင်ခိုရောင်းဝယ်ခြင်း၊ မူးယစ်ဆေးဝါးဖြန့်ဖြူးခြင်း၊ သင်တန်းရဲဘော်-ရဲမေတွေကို ပြန်ပေးဆွဲခြင်း၊ သင်တန်းသားတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်ခြင်းစတဲ့ ပြစ်မှုတွေကိုကျူးလွန်ထားတာကြောင့် သူတို့ကိုတွေ့ရှိခဲ့ရင် ဖမ်းဆီးကာပြန်လွှဲပြောင်းပေးအပ်ဖို့ဆိုပြီး ထွက်ပြေးသွားသူတွေရဲ့ဓါတ်ပုံတွေနဲ့အတူ မေ ၂၀ရက်မှာ YDFက ထုတ်ပြန်ခဲ့ပါသေးတယ်။
အခု GZAနဲ့ YDFအဖွဲ့တို့ကိုပစ်ခတ်လုပ်ကြံမှုမှာပါဝင်တဲ့ ဂန့်ဂေါခရိုင် တပ်ရင်း(၁၀)၊ တပ်ခွဲ(၇)ဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာန-MODအောက်က တပ်ရင်းဖြစ်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး MODကိုသတင်းပို့ထားတယ်လို့ GZAရဲဘော်က ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးအတည်ပြုသိရှိနိုင်ဖို့အတွက် ဂန့်ဂေါခရိုင် တပ်ရင်း(၁၀)၊ တပ်ခွဲ(၇)နဲ့ MODကို Burma VJက ဆက်သွယ်ဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။
ပုံစာ-ပစ်ခတ်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရ GZAရဲဘော်များ(ဓါတ်ပုံ-ပေးပို့)
Commentaires