top of page

ဂုတ်ထိပ်တံတားကို စစ်ကောင်စီတပ်ကဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ TNLAဘက်ကပြော

  • Writer: BVJ
    BVJ
  • Aug 25
  • 1 min read

အေတီ/BVJ _ သြဂုတ်၂၄၊ ၂၀၂၅

ree

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ ကျောက်မဲမြို့အစပ်မှာတည်ရှိတဲ့ နာမည်ကျော်ဂုတ်ထိပ်တံတားကြီးဖျက်ဆီးခံလိုက်ရတယ်ဆိုတဲ့ ဓာတ်ပုံတွေဟာဒီနေ့ သြဂုတ်၂၄ရက်မနက်ပိုင်းမှာ ဆိုရှယ်မီဒီယာကတဆင့်ပျံ့နှံ့လာပါတယ်။


ဒီတံတားကြီးဖျက်ဆီးခံလိုက်ရတဲ့ဓာတ်ပုံတွေ စစ်ကောင်စီဘက်က လူတွေဆီကစပြန့်လာတာဖြစ်ပြီး၊ဂုတ်ထိပ်တံတားကြီးကို TNLAက မိုင်းခွဲဖျက်ဆီးခဲ့တာလို့စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲထားပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး TNLA တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို BVJက တိုက်ရိုက်ဆက်သွယ်မေးမြန်ခဲ့ရာမှာတော့ ဂုတ်ထိပ်တံတားကြီးကို စစ်ကောင်စီတပ်ကဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ပြန်ဖြေပါတယ်။


“ဖြစ်စဥ်ကတော့ ဒီမနက်ပိုင်းမှာ စစ်ကောင်စီတပ်က ကျမတို့ TNLAတပ်တည်ရှိရာဂုတ်ထိပ်တံတားနားကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တဲ့အချိန်မှာ ဒရုန်းကဂုတ်ထိပ်တံတားပေါ်ကျရောက်ပေါက်ကွဲခဲ့ပါတယ် စစ်‌ကောင်စီကဂုတ်ထိပ်တံတားကို ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်“လို့ လွေးယေဦးက ပြောပါတယ်။


အခုအချိန်ထိတံတားကို ဘယ်အဖွဲ့ကဖျက်ဆီးခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးသလို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာလည်း ထုတ်ပြောတာ မရှိသေးပါဘူး။


ဂုတ်ထိပ်တံတားဟာ မန္တလေး-လားရှိုး ရထားလမ်းမ ပေါ်မှာရှိပြီး နောင်ချိုဘူတာကနေ ၇ မိုင်ကွာဝေးပါတယ်။


ဂုတ်ထိပ်တံတားဖျက်ဆီးခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ဓာတ်ပုံစတင်တဲ့အချက်ဟာ သံသယရှိစရာကောင်းတဲ့အချက်ဖြစ်တယ်လို့ လားရှိုးမြို့အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးက BVJ ကို ပြောပါတယ်။


“အတိအကျတော့ မသိရသေးပေမဲ့ စကစဖက်က မိုင်းဆွဲဖောက်ခွဲပြီး မှတ်တမ်းဓာတ်ပုံအရင်တင်ခဲ့တယ်လို့သိရပါတယ်။ ပြီးမှ TNLA ဖက်ကိုလွှဲချခဲ့တာပါ။ မှတ်တမ်းဓာတ်ပုံအရပြောရရင် စကစဖက်ကအရင်တင်တာဆိုတော့ ဒီမှတ်တမ်းဓာတ်ပုံတွေကို ဘယ်လိုကြောင့်သူတို့အရင်ရသလဲဆိုတာက သံသယဝင်စရာပေါ့နော်။ နှစ်ဖက်အနေအထားကြည့်မယ်ဆိုရင်တော့ ကျောက်မဲဖက်အခြမ်းကထိတာဖြစ်လို့ စကစဖက်ကTNLAကို လွှဲချတာယုတ္တိရှိနေတယ်၊ဒါပေမယ့်ဓာတ်ပုံကိုအရင်ရတာကတော့ သံသယဖြစ်စရာပေါ့နော်”

ree

ဒီကနေ့ သြဂုတ်လ ၂၄ရက်နေ့အထိ ကျောက်မဲမြို့တဝိုက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။


လတ်တလော ကျောက်မဲ၊မိုးကုတ် မြို့တွေမှာ စစ်ကောင်စီကလေကြောင်းအသုံးပြုပြီး အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖြည့်စွက်ပြောပါတယ်။


ဂုတ်ထိပ်တံတားကြီးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နဲ့ ကျောက်မဲမြို့အကြား မန္တလေး-လားရှိုး ရထားလမ်းပေါ်မှာတည်ရှိပြီး နိုင်ငံတကာက (Goteik viaduct)လို့ သိထားကြပါတယ်။

ကမ္ဘာပေါ်မှာအရှည်လျားဆုံးသော တောင်ကြားဖြတ် မီးရထားလမ်းဖြစ်ပြီး အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းကတည်ဆောက်ထားတဲ့ သက်တမ်း နှစ်၁၂၀ရှိပြီဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page