ရေလှောင်တမံကျိုးပျက်ပြီး လောက်ကိုင်နဲ့ မူဆယ်မှာ ရေကြီး၊ လူသေဆုံးမှုရှိ
- BVJ

- Jul 7, 2025
- 1 min read
BVJ _ ဇူလိုင် ၆ ၊ ၂၀၂၅

အခု ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောက်ကိုင်မြို့နယ် ဆီအောရွာ အထက်ပိုင်းမှာရှိတဲ့ ရေလှောင်တမံတစ်ခု ကျိုးပျက်ခဲ့ပါတယ်။ ဆီအောရွာ၊ ပေါက်ပေါက်ရွာနဲ့ အနီးဝန်းကျင်ကျေးရွာတွေရေဘေးသင့်ပြီး ဆီအောရွာဒေသခံ ၃ ဦး ရေစီးနဲ့အတူ မျောပါသေဆုံးခဲ့တယ်လို့သိရပါတယ်။
လောက်ကိုင်မြို့ ၊ မုံးကိုးခရိုင် မူဆယ်မြို့နယ် မုံးပေါ်၊ ပန်ဆိုင်းမြို့နဲ့ လိုင်းယင်းကျေးရွာတို့မှာ ရေကြီးမှုကြောင့် အိမ်ထောင်စုပေါင်း ၄၆ စု ရေဘေးသင့်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် (MNDAA) သတင်းပြန်ကြားရေးဌာနThe Kokang က ဖော်ပြထားပါတယ်။
ရေဘေးသင့်ပြည်သူတွေကို လောက်ကိုင်မြို့နယ် အုပ်ချုပ်ရေးကော်မတီက ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ကာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ခဲ့ပြီး ရေဘေးသင့်ပြည်သူတွေအတွက် ပြန်လည်နေရာချထားမှုတွေ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
MNDAA ထိန်းချုပ်ဒေသ အထူးဒေသ ၁ မုံးကိုးခရိုင် မုံးပေါ်မြို့နယ်၊ ပန်ဆိုင်းမြို့နယ်နဲ့ လိုင်းယင်းကျေးရွာတို့မှာလည်း ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး လိုင်းယင်းကျေးရွာက အိမ်ထောင်စု ၄၆ စု ရေဘေးသင့်ခဲ့သလို ဆန်စပါး၊ စားနပ်ရိက္ခာအများအပြား ဆုံးရှုံးဖြစ်ပေါ်ခဲ့တယ်လို့လည်း သိရပါတယ်။
ရေကြီးမှုအတွင်း တောင်ကျရေတွေကြောင့် ပန်ဆိုင်းမြို့ ဆယ်လမ်းပြတ်တောက်ပျက်စီးခဲ့ပြီး ပန်ဆိုင်းမြို့ အုပ်ချုပ်ရေးကော်မတီက ပြန်လည်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မုံးပေါ်မြို့နယ် မုံးပေါ်ရွာ နမ့်ခွန်မြစ်ရေကြီးမှုအတွင်း ပျက်စီးခဲ့တဲ့ လမ်းတံတား၊ အဆောက်အအုံတွေကိုလည်း တာဝန်ရှိသူတွေစစ်ဆေးကြည့်ရှုခဲ့ပြီး ရေဘေးသင့်ဒေသတွေက ဆုံးရှုံးမှုအပျက်အစီးတွေကိုလည်း စစ်ဆေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။




Comments