အာဏာသိမ်းစစ်တပ်မှာ အမျိုးသမီးစစ်မှုထမ်းတွေလည်းတာဝန်ထမ်းဆောင်နေပြီလို့ စစ်ခေါင်းဆောင်ထုတ်ပြောလာ
- BVJ

- Jan 20
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၂၀၊ ၂၀၂၆

အမျိုးသားတွေအပြင် အမျိုးသမီးစစ်မှုထမ်းတွေလည်း စစ်တပ်မှာဝင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေထမ်းဆောင်နေပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။
ဒါဟာ ပြည်သူ့စစ်မှုထမ်းအတွက် အမျိုးသားတွေသာခေါ်ယူနေပြီး အမျိုးသမီးစစ်မှုထမ်းတွေနဲ့ပတ်သက်ပြီး ခေါ်ယူမှုမရှိသေးလို့ စစ်အုပ်စုဘက်ကအကြိမ်ကြိမ်ငြင်းဆိုပြီးနောက်မှာ စစ်ခေါင်းဆောင်က ပထမဆုံးအကြိမ်ထုတ်ပြောလာတာပဲဖြစ်ပါတယ်။
တပ်မတော်သားတွေအားလုံး အသက်အရွယ်နဲ့လျော်ညီတဲ့ ကျန်းမာကြံ့ခိုင်မှုရှိရန်လိုကြောင်း၊ အမျိုးသားတွေအပြင် အမျိုးသမီးစစ်မှုထမ်းတွေလည်း တပ်မတော်အတွင်းကိုဝင်ရောက်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်တွေကို ထမ်းဆောင်လျက်ရှိကြောင်းနဲ့ တပ်မတော်သားတွေအနေနဲ့ အမြဲတိုက်ပွဲဝင်အသင့်ဖြစ်စေရေး ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ရဲစွမ်းသတ္တိရှိဖို့အတွက် စစ်အတတ်ပညာတွေကိုအမြဲလေ့ကျင့်ယူနေရမယ်လို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေကိုရောက်နေတဲ့ စစ်ခေါင်းဆောင်က စစ်တပ်မိသားစုတွေနဲ့ မနေ့က ဇန်နဝါရီ ၁၉ရက်မှာတွေ့ဆုံ ပြောခဲ့တာပါ။
ဒါ့အပြင် လက်တွေ့စစ်မြေပြင်မှာရလဒ်ကောင်းဖို့အတွက် သင်တန်းကျောင်းတွေမှာ လက်တွေ့စစ်မြေပြင်သဖွယ်ဖန်တီးလေ့ကျင့်ပေးဖို့ကိုလည်း ကျိုင်းတုံတပ်နယ်က နယ်မြေခံတပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကိုသွားရောက်ပြီး စစ်ခေါင်းဆောင်ကမှာခဲ့ပါတယ်။
တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေကိုရောက်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုတွေထဲမှာ တပ်မတော်သားတွေဟာ မိမိသဘောဆန္ဒအလျောက် စစ်တပ်ထဲကိုဝင်လာသူတွေဖြစ်တဲ့အတွက် ခံစားခွင့်ကိုလည်းထိုက်တန်စွာပေးထားကြောင်းကိုလည်း အကြိမ်ကြိမ်ထည့်သွင်းပြောနေတာ တွေ့ရပါတယ်။

စစ်အုပ်စုအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကိုအကောင်အထည်ဖော်နေတာဟာ ဒီလထဲမှာ အပါတ်စဉ် ၂၁ကိုဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ပါတယ်။ စစ်မှုထမ်းမှာအမျိုးသမီးတွေကိုလည်းထည့်သွင်းဖို့ ရပ်ကွက်/ကျေးရွာအချို့မှာ စာရင်းကောက်ယူနေတာတွေရှိခဲ့ပေမယ့် စစ်အုပ်စုပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အမျိုးသမီးတွေကိုစစ်မှုထမ်းခေါ်ယူမှုမရှိသေးဘူးလို့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ငြင်းဆိုထားပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာပဲ အမျိုးသမီးစစ်မှုထမ်း အပတ်စဉ်(၁)သင်တန်းစဖွင့်ခဲ့ပြီး အဲ့ဒီအပါတ်စဉ်(၁)ဟာသင်တန်းမှာ တပ်မိသားစုဝင်တွေ၊ ပျူစောထီး၊ပြည်သူ့စစ်တွေနဲ့ပတ်သက်သူတွေ ပါဝင်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။




Comments