ဂါဇာဒေသအတွက် ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့သင်္ဘောအုပ်စု အစ္စရေးရေတပ်ရဲ့ ကြားဖြတ်ပိတ်ဆို့ခံရ
- BVJ

- Oct 2
- 1 min read
အေတီ/BVJ_ အောက်တိုဘာ ၂၊ ၂၀၂၅

ဂါဇာကမ်းမြောင်ဒေသထဲက လိုအပ်နေတဲ့သူတွေအတွက် အကူညီပေးဖို့ပစ္စည်းတွေသယ်ဆောင်လာတဲ့သင်္ဘောအုပ်စုကို အစ္စရေးရေတပ်ကကြားဖြတ်ဟန့်တားခဲ့ပြီး ဆွီဒင်နိုင်ငံကရာသီဥတုဆိုင်ရာတက်ကြွလှုပ်ရှားသူ ဂရီတာသွန်းဘာ့ဂ် Greta Thunberg အပါအဝင် တက်ကြွလှုပ်ရှားသူအချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
ရာသီဥတုအရေးတက်ကြွလှုပ်ရှားသူ ဂရီတာသွန်းဘာ့ဂ်ပါလာတဲ့ Global Sumud Flotilla (GSF) သင်္ဘောအုပ်စုက သင်္ဘောအချို့ကိုကြားဖြတ်ဟန့်တားခဲ့ပြီး လုံခြုံစိတ်ချတဲ့နေရာ အစ္စရေး ဆိပ်ကမ်းဘက်ကိုပို့ဆောင်ထားတယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပါတယ်။
သင်္ဘောတွေက တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေဘက်ကို ဦးတည်သွားနေတာကြောင့်လမ်းကြောင်းပြောင်းပြီး လုံခြုံစိတ်ချရတဲ့နေရာကိုခေါ်သွားရကြောင်း အစ္စရေးရေတပ်ဘက်က အကြောင်းပြပါတယ်။သူတို့တားဆီးခံရတဲ့ကိစ္စဟာ တရားမဝင်၊ရန်လိုတဲ့ စိတ်ပျက်စရာကောင်းတဲ့လုပ်ရပ်လို့ တားဆီးခံရတဲ့ GSFသင်္ဘောအုပ်စုက တုံ့ပြန်ပါတယ်။
“အခုတားဆီးတဲ့ကိစ္စဟာ အစ္စရေးအစိုးရက ဂါဇာမှာရှိတဲ့သူတွေ အထီးကျန်ငတ်မွတ်ခေါင်းပါးအောင်လုပ်ပြီး နယ်မြေသိမ်းပိုက်တာအောင်မြင်ဖို့ ကြိုးစားနေတယ်ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြလိုက်တာပါ။ လူသားချင်းစာနာမှုအကူညီပေးရေးအစီစဥ်တွေအော င်မြင်သွားရင်သူတို့သိမ်းပိုက်မှုကျရှုံးနိုင်တယ်လို့ သဘောထားထားတဲ့အတွက် လူသားချင်းစာနာထောက်ထားဆိုင်ရာအကူအညီတွေကို ပိတ်ဆို့တိုက်ခိုက်သွားကြမှာပဲ “ လို့ GSF အဖွဲ့ကပြောပါတယ်။

အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် အစာရေစာရှားပါးငတ်မွတ်ခေါင်းပါးမှုနဲ့ကြုံနေရတဲ့ ဂါဇာဒေသက ပါလက်စတိုင်းတွေအတွက် Global Sumud Flotilla (GSF)သင်္ဘောအုပ်စုက လူသားချင်းစာနာမှုဆိုင်ရာအကူအညီပစ္စည်း တန်ချိန် ငါးထောင့်ငါးရာခန့် သယ်ဆောင်လာတာဖြစ်ပါတယ်။
GSFသင်္ဘောအုပ်စုကိုအစ္စရေးပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြောင်ထဲ ကို ဂါဇာရေလက်ကြားကတဆင့်ကဝင်ရောက်ပြီး လူသားချင်းဆိုင်ရာအကူအညီတွေပေးဖို့အတွက် ၂၀၂၅ခုနှစ် နှစ်လယ်ကစတင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ GSF သင်္ဘောအုပ်စုမှာ နိုင်ငံပေါင်း၄၄နိုင်ငံကျော်က လူငါးရာပူးပေါင်းပါဝင်ပြီး သမိုင်းတလျှောက်အကြီးမားဆုံးသော အရပ်သားဦးဆောင်တဲ့ကူညီကယ်ဆယ်ရေး သင်္ဘောအုပ်စုဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသထဲကိုဝင်ရောက်ဖို့ကြိုးစားတဲ့ GSFသင်္ဘောအုပ်စုရဲ့လုပ်ရပ်ဟာ ဥပဒေချိုးဖောက်တာလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးကပြောခဲ့ပြီး ဂရီတာသွန်းဘက်နဲ့သူ့သူငယ်ချင်းတွေ ကျန်းမာလုံခြုံစွာရှိတယ်လို့ ဆိုပါတယ်။သူတို့ထုတ်ပြန်ထားတဲ့ ဗီဒီယိုတစ်ခုမှာတော့ ဂရီတာသွန်းဘာ့ဂ်ဟာ အစ္စရေးစစ်သားတစ်ဦးရဲ့ဘေး လှေတစ်စင်းပေါ်မှာထိုင်နေတာတွေ့ရပါတယ်။

ဂါဇာနဲ့ရေမိုင် မိုင်၇၀အကွာအဝေးမှာ GSFသင်္ဘောအုပ်စုတားဆီးခံရတာဖြစ်ပြီး၊ တားဆီးမခံရဘူးဆိုရင် ဂါဇာကိုသူတို့သင်္ဘောအုပ်စုဟာ ကြာသပတေးမနက်ကိုရောက်မှာဖြစ်ပါတယ်။ နိုင်ငံတကာတက်ကြွလှုပ်ရှားသူတွေက ဂါဇာကမ်းမြောင်ဒေသထဲကို သင်္ဘောနဲ့အကူအညီတွေပေးပို့ဖို့ ဇွန်လနဲ့ဇူလိုင်လတုန်းကကြိုးစားခဲ့မှုကိုလည်း အစ္စရေးကပိတ်ဆို့ တားဆီးခဲ့ပါတယ်။







Comments