နော်ဝေက ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာလုပ်မယ့် နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေး ဥရောပလှုပ်ရှားမှု
- BVJ

- 1 day ago
- 1 min read
အေတီ/BVJ_မေ ၁၆၊ ၂၀၂၆

နော်ဝေနိုင်ငံ၊ဖရိုလန်းမြို့က ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ဥရောပတိုက်အတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေစုစည်းပြီး မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုတစ်ခုကို စုပေါင်းပြုလုပ်သွားဖို့ စီစဥ်ထားပါတယ်။
ဇွန်လ ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာစတင်မယ့်ဒီလှုပ်ရှားမှုကို ဥရောပတိုက်အတွင်းက မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ လူကိုယ်တိုင် ပူးပေါင်းပါဝင်ကြမှာဖြစ်ပါတယ်။ free political prisonersလှုပ်ရှားမှုဦးဆောင်သူတစ်ဦးဖြစ်တဲ့ Myanmar (Crph) Support Group Norwayကမဝတ်မှုန်က ပွဲအဓိကရည်ရွယ်ချက်ကိုအခုလိုပြောပြပါတယ်။
“ဒီလှုပ်ရှားမှုရဲ့အဓိကရည်ရွယ်ချက်က မတရားဖမ်းဆီးခံထားရတဲ့ လူထုဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့အရေးတောင်းဆိုမှုအပြင်၊ မြန်မာပြည်တွင်းမှာ စစ်အုပ်စုက အရပ်သားပစ်မှတ်တွေကို ဗုံးကြဲနေတာတွေကန့်ကွက်ရှုတ်ချဖို့၊ ရွေးကောက်ပွဲအတုကနေတဆင့် နိုင်ငံတကာအသိအမှတ်ပြုရဖို့ကြိုးစားနေတဲ့ အာဏာသိမ်းစစ်အုပ်စုကို နော်ဝေနိုင်ငံအပါအဝင် EUနိုင်ငံတွေကအသိအမှတ်မပြုဖို့ တိုက်တွန်းသွားဖို့ဖြစ်ပါတယ်"
နော်ဝေနိုင်ငံ၊ဖရိုလန်းမြို့က ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာကျင်းပမယ့် နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးလှုပ်ရှားမှုကို လာရောက်ပူးပေါင်းကြမယ့်သူတွေအားလုံးရဲ့နေထိုင်စားသောက်မှုအတွက် မြို့ခံတွေက အော်စလိုမြို့ကလူတွေနဲ့ပူပေါင်းစီစဥ်ထားပြီး လာရောက်ပူးပေါင်းကြမယ့်သူတွေအားလုံး ကို ပန်းခြံကော်မတီကအထူးဂုဏ်ယူကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကော်မတီ အမှုဆောင်ဥက္ကဌ ဆလိုင်းဂျွန်မန်းကပြောပါတယ်။
အိမ်ရှင်နော်ဝေနိုင်ငံက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့အတူ အင်္ဂလန်၊ အီတလီ၊ အိုင်ယာလန်၊ ဂျာမဏီ၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ နယ်သာလန်၊ ပြင်သစ်၊ ဖင်လန်ကသူတွေလည်း ဒီလှုပ်ရှားမှုမှာပူးပေါင်းပါဝင်ကြဖို့ရှိပါတယ်။

ဖရိုလန်းမြို့လေးမှာပြုလုပ်မယ့် နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေးဥရောပလှုပ်ရှားမှုကို လူ၂၀ခန့်အနည်းဆုံး လန်ဒန်ကနေသွားရောက်ပူးပေါင်းကြဖို့အစီအစဥ်ရှိပြီး သူတို့လုပ်မယ့်အထူးအစီအစဥ်တစ်ခုကိုလည်း လန်ဒန်အခြေစိုက် Stars of Myanmar Friendship (SMFC)အဖွဲ့ ပူးတွဲတည်ထောင်သူ ကိုဂျော့ချ်ဗညားက ရှင်းပြပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ လူပေါင်း၁၂၀က A3 Sizeစာရွက် ၁၂၀ ကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်မျက်နှာပုံဖော်မယ်။ ပြီးတော့ အဲ့ဒါကိုဒရုန်းနဲ့ရိုက်ပြီး အွန်လိုင်းပေါ်တင်ဖို့ ကျွန်တော်တို့စီစဥ်ထားပါတယ်။ မနှစ်ကဒေါ်အောင်ဆန်းစုကြည် အသက်၈၀ မွေးနေ့မှာလည်း အဲ့ဒါမျိုး လန်ဒန်မှာပထမဆုံးအကြိမ်လုပ်ခဲ့ပါတယ်။ ဥရောပကလူတွေစုလုပ်ကြမယ့် ဒီပွဲကနေ မြန်မာပြည်တွင်းက တော်လှန်ရေးဘက်တော်သားတွေကို စိတ်ဓာတ်ခွန်အားတွေပေးနိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်”

နိုင်ငံရေးအကျဥ်းသားလွတ်မြောက်ရေး လှုပ်ရှားမှုမှာ လာရောက်ပူးပေါင်းကြတဲ့သူတွေရဲ့ လက်မှတ်တွေ၊ အဖွဲ့အစည်းအသီးသီးရဲ့ ထောက်ခံချက်တွေစုစည်းပြီး ဥရောပပါလီမန်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအသီးသီးရဲ့ အစိုးရတွေဆီ စာပို့တောင်းဆိုသွားဖို့အတွက်လည်း စီစဥ်ထားတယ်လို့သိရပါတယ်။ ဒီပွဲကနေ ဥရောပအခြေစိုက် မြန်မာ့ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေ ဒီထက်ထိရောက်တဲ့ လှုပ်ရှားမှုတွေဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်ထားကြောင်း ပွဲစီစဥ်သူ Myanmar (Crph) Support Gropup Norwayက မဝတ်မှုန်က Burma VJကိုပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပန်းခြံအကြောင်း BVJ ယူကျု့ချန်နယ်ကတင်ဆက်ထားတဲ့ ဗီဒီယိုကို ဒီ https://tinyurl.com/2t6f2y9k လင့်ကိုနှိပ်ပြီးကြည့်ရူနိုင်ပါတယ်။




Comments