တောင်တက်ရင်း တက္ကသိုလ်ဝင်ခွင့်အင်တာဗျူးဖြေဆိုခဲ့တဲ့ ထိုင်းကျောင်းသူလေးဖြစ်စဉ် လူစိတ်ဝင်စားမှုများနေ

BVJ_နိုဝင်ဘာ ၁၃၊ ၂၀၂၆

အသက် ၁၇နှစ်အရွယ်ထိုင်းကျောင်းသူလေးတစ်ဦးဟာ ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်ရှိ San Nok Wuaတောင်ကို တောင်တက်ခရီးထွက်နေချိန်အတွင်း တက္ကသိုလ်ဝင်ခွင့်အင်တာဗျူးကို အွန်လိုင်း ဗီဒီယိုကောလ်ကနေတဆင့်ဖြေဆိုခဲ့တာကြောင့် အဲ့ဒီရုပ်သံဟာ လူမှုကွန်ရက်ပေါ်မှာလူစိတ်ဝင်စားမှုအများအပြားရရှိနေပါတယ်။
ကျောင်းသူ တက္ကသိုလ်ဝင်ခွင့်အင်တာဗျူးဖြေဆိုရမယ့်ရက်ဟာ ကြိုတင်စီစဉ်ထားတဲ့ တောင်တက်ခရီးစဉ်နဲ့တိုက်ဆိုင်နေခဲ့တာကြောင့် ခရီးစဉ်ကိုမဖျက်သိမ်းဘဲ ကျောင်းဝတ်စုံကို ကျောပိုးအိတ်ထဲထည့်ယူသွားခဲ့ပြီး အင်တာဗျူးဖြေဆိုချိန်မှာ လဲလှယ်ဝတ်ဆင်ဖြေဆိုခဲ့တာဖြစ်ပါတယ်။
ကျောင်းသူဟာ မဟီဒေါတက္ကသိုလ် (Mahidol University)ရဲ့ ပတ်ဝန်းကျင်နဲ့ သဘာဝအရင်းအမြစ် လေ့လာရေးဌာန (Faculty of Environment and Resource Studies)ကို ဝင်ခွင့်လျှောက်ထားခဲ့သူဖြစ်ပြီး အဲ့ဒီဘာသာရပ်ဟာ ပတ်ဝန်းကျင်သိပ္ပံနဲ့ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ပညာရပ်တွေကို အဓိကထားသင်ကြားပေးတဲ့ဘာသာရပ်ဖြစ်ပါတယ်။

သက်ဆိုင်ရာဌာနကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့ပြီးနောက်မှာ ဒီဘာသာရပ်ကိုရွေးချယ်ခဲ့တာဖြစ်ကြောင်းနဲ့ အင်တာဗျူးမေးမြန်းခဲ့သူ ဆရာတစ်ဦးက ကျန်းမာရေးပြဿနာ ရှိ၊ မရှိမေးမြန်းခဲ့ရာ သူမက “အခုလေးတင် ၉ ကီလိုမီတာ လမ်းလျှောက်ပြီးပါပြီ” လို့ကျောင်းသူက ပြန်လည်ဖြေဆိုခဲ့ပါတယ်။
အဲ့ဒီအဖြေဟာ လူမှုကွန်ရက်ပေါ်မှာပျံ့နှံ့နေတဲ့ ကျောင်းသူအင်တာဗျူးဗီဒီယိုရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းတစ်ခုဖြစ်လာခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်ကိုသင်ယူလိုသူတစ်ဦးအတွက် သဘာဝတရားအလယ်မှာ အင်တာဗျူးဖြေဆိုခဲ့ရခြင်းဟာ ထူးခြားတဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့တယ်လို့လည်း ထိုင်းသတင်းဌာနမှာဖော်ပြထားပါတယ်။
နောက်ဆက်တွဲဖော်ပြချက်အရ ကျောင်းသူလေးဟာ မဟီဒေါတက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်နဲ့ သဘာဝအရင်းအမြစ် လေ့လာရေးဌာနကို ဝင်ခွင့်ရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။



Comments